News

POST TAGGED AS

ရဟန်း

08-May-2018

ပဲခူးတိုင်း
သနပ်ပင်ရှိ ကျေးရွာ ၁၃ ရွာ ရေပြတ်

တောင်ငူ၊ မေ ၈

ပဲခူးတိုင်း သနပ်ပင်မြို့နယ်အရှေ့ဘက်ရှိ ကျေးရွာ ၁၃ ရွာခန့်တွင် ယခုနှစ် နွေရာသီကာလ ရေတွင်းရေကန်များ ခန်းခြောက်၍ သောက်သုံးရေ ရှားပါး ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောကြားသည်။

“အဓိက အခက်အခဲက သောက်ရေ သုံးရေ ပြတ်လပ်နေတာပါ။ တချို့ရွာတွေမှာ သောက်ရေသုံးရေ လှူပေးမှကိုရမှာ ဖြစ်ပေမယ့် တချို့ရွာတွေက ရေကန်တွေ ပြန်ဖော်ပေးရင်ရတယ်။ ဒီပြဿနာတွေ ကို ဖြေရှင်းဖို့ ကျွန်တော်တို့ ပြင်ပအလှူရှင် တွေ ရှာဖွေနေပါတယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါဒေသရှိ ကျေးရွာများမှာ ပင်လယ်နှင့်နီး၍ ရေငန်ဝင်ရောက်မှုကြောင့် သောက်သုံးရေကို ကန်များဖြင့် တူးဖော်သိုလှောင်ကြရပြီး နှစ်စဉ် နွေရာသီ၌ သောက်သုံးရေ အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါသောက်သုံးရေ ပြတ်လပ်နေသည့် ကျေးရွာများအနက် အချို့ကျေးရွာများသည် စစ်တောင်းမြစ်ကမ်းပါး ပြိုကျမှုများကြောင့် ရွာနေရာ ရွှေ့ပြောင်းခဲ့ရသော်လည်း နေရာ အတည်တကျ မရသေးဘဲ ရေလိုအပ်နေခြင်းဖြစ်ပြီး အချို့ကျေးရွာများတွင် ရေတွင်းရေကန်များ ခန်းခြောက်မှုများကြောင့် သောက်သုံးရေ လိုအပ်နေခြင်း ဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

“ပဲခူးမြို့ပေါ်က လူမှုရေးအသင်းအဖွဲ့တွေကတော့ တစ်ပတ်ကို ၂ ခါလောက်တော့ သွားလှူပေးနေကြပါတယ်။ တချို့ ရွှေ့ပြောင်းရွာတွေက ရေကန်အသစ်တွေဖြစ်ပြီး ခန်းခြောက်လွယ်တယ်”ဟု ပဲခူးမြို့ခံ လူမူရေးတက်ကြွလှုပ်ရှားသူ ဦးအောင်မျိုးထွန်းက ပြောဆိုသည်။

လက်ရှိ သနပ်ပင်မြို့နယ်မှ သစ်ခုံရွာကုန်း၊ သနတ္တန်း၊ ဘုရားကုန်း၊ ကျွဲတဲကမ်း ပြို၊ နတ်ရေကန်၊ အရှေ့ တံခွန်တိုင်ကျေးရွာတို့တွင် သောက်သုံးရေ လိုအပ်နေပြီး စွန်ပိနှင့် ကျုံပါလေးကျေးရွာတို့မှာ ရေကန် တူးဖော်ပေးရန် လိုအပ်သည့် ကျေးရွာများဖြစ်ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

R-15



FOLLOW US