News

POST TAGGED AS

ရပ်စဲရေး

ဆီးရီးယား ရက် ၃၀ အပစ်အခတ်ရပ်စဲရေးကို ကုလလုံခြုံရေးကောင်စီတွင် မဲခွဲထောက်ခံ


ဒမတ်စကတ်၊ ဖေဖော်ဝါရီ ၂၅

ဆီးရီးယားနိုင်ငံတွင် လူသားချင်းစာနာမှု အကူအညီပေးနိုင်ရန် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးကို ကုလလုံခြုံရေးကောင်စီတွင် တညီတညွတ်တည်း မဲပေးထောက်ခံလိုက်ကြသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

စနေနေ့က အတည်ပြုလိုက်သော ဆုံးဖြတ်ချက်သည် ချက်ချင်းအကျုံးဝင်သက်ရောက်မည်ဟု ဆိုသော်လည်း မဲခွဲပြီး မရှေးမနှောင်းမှာပင် အရှေ့ဂိုတာရှိ သူပုန်ထိန်းချုပ်နယ်မြေကို ဆီးရီးယားစစ်လေယာဉ်များက တစ်ကြိမ်တိုက်ခိုက်ခဲ့သည်ဟု သတင်းများကဆိုသည်။

လုံခြုံရေးကောင်စီက နှစ်ပတ်ကြာ စေ့စပ်ညှိနှိုင်းခဲ့ရသည့် အပစ်အခတ်ရပ်စဲမှုသည် လူသားချင်းစာနာမှုအကူအညီနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်ကယ်ဆယ်မှုများကို ကြန့်ကြာမှုမရှိစေဘဲ ခွင့်ပြုသွားမည်ဖြစ်သည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေးကိစ္စကို မူလက ကြာသပတေးနေ့တွင် မဲခွဲရန် စီစဉ်ထားပြီးဖြစ်သော်လည်း ဆီးရီးယားအာဆတ်အစိုးရ၏ အဓိက ကျောထောက်နောက်ခံ မဟာမိတ် ရုရှားနိုင်ငံ၏ ဗီတိုအာဏာဖြင့်ပယ်ချမှုကို မခံရစေရန်အတွက် မဲခွဲမှုကို ဆိုင်းငံ့ထားကာ ရုရှားနှင့် အကျေအလည်ညှိနှိုင်းခဲ့ကြရသည်။ အမေရိကန်သံအမတ်ကြီး နစ်ကီဟာလေက မဲခွဲမှု ကြန့်ကြာနေရခြင်းအတွက် ရုရှားတို့ကို ပြစ်တင်ဝေဖန်ခဲ့သည်။

“ရုရှားကို စောင့်ပေးနေရတဲ့အချိန် မိနစ်တိုင်းမှာ လူသားတွေ ခံစားနေရတဲ့ ဒုက္ခက ပိုပြီးကြီးထွားလာနေတယ်”ဟု သူမက ပြောကြားသည်။

ရုရှားသံအမတ် ဗာဆယ်လီနီဘင် ဇီယာကမူလက်တွေ့ကျသည့် အပစ်ရပ်စဲမှုဖြစ်ရန် လိုအပ်ခြင်းသည် ထပ်မံညှိနှိုင်းနေရသည့် အကြောင်းရင်းဖြစ်သည်ဟု ကာကွယ်ပြောဆိုသည်။

ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနက မဲခွဲဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး အကူအညီလိုအပ်နေသူများထံ ရောက်ရှိရန် အပစ်ရပ်သဘောတူညီချက်ကို ချက်ချင်း အကောင်အထည်ဖော်ရမည်ဟု ပြောကြားသွားသည်။

ဆီးရီးယားစစ်လေယာဉ်များသည် စနေနေ့က အရှေ့ဂိုတာကို ၇ ရက်မြောက်အဖြစ် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၄၁ ဦး သေဆုံးခဲ့သည်။ ၇ ရက် တိတိ ဗုံးကြဲခဲ့မှုကြောင့် ကလေးများအပါအဝင် အရပ်သား ၅၀၀ ကျော် သေဆုံးခဲ့သည်ဟု သိရှိရသည်။

လုံခြုံရေးကောင်စီတွင် မဲခွဲပြီး မိနစ်ပိုင်းအတွင်းမှာပင် ရုရှား အထောက်အပံ့ပေးထားသော ဆီးရီးယားစစ်လေယာဉ်များသည် အရှေ့ဂိုတာရှိ ရှီဖိုနီယေးမြို့ကို တိုက်ခိုက်ခဲ့သည်ဟု ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအုပ်စုက သတင်းထုတ်ပြန်သည်။

ယခု အပစ်ရပ်စဲရေး သဘောတူညီမှုကို အရှေ့ဂိုတာမှ သူပုန်အုပ်စု နှစ်ဖွဲ့က ကြိုဆိုလိုက်ကြသည်။ ဂျာအစ်ရှ်အယ်လ် အစ္စလာမ်အုပ်စုနှင့် ဖိုင်လက်အယ်လ်ရာ မန်အုပ်စုတို့က အပစ်ရပ်စဲရေး သဘောတူညီချက်ကို တာဝန်ယူမည်ဟု သီးခြားစီ ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။ 

သို့ရာတွင် ဆီးရီးယားအစိုးရနှင့် မဟာမိတ်များ၏ ချိုးဖောက်မှုများကိုမူ လက်တုံ့ပြန်သွားမည်ဟု သတိပေးထားကြသည်။ မူလစာချုပ်တွင် မဲခွဲဆုံးဖြတ်ပြီး ၇၂ နာရီအကြာတွင် အပစ်ရပ်စဲမှု စတင်သက်ရောက်မည်ဟု ပါရှိသော်လည်း ရုရှားတို့ တောင်းဆိုသည့်အတိုင်း နှောင့်နှေးခြင်းမရှိ စတင်သက်ရောက်မည်ဟု ပြင်ဆင်ပေးခဲ့ရသည်။

ထို့ပြင် IS အဖွဲ့နှင့် အယ်လ်ကေဒါကဲ့သို့သော အစွန်းရောက် အကြမ်းဖက်အုပ်စုများကို ဆီးရီးယားအစိုးရက ဆက်လက်တိုက်ခိုက်နိုင်ရန် ခွင့်ပြုကြောင်း စာချုပ်တွင် ထည့်သွင်းပေးခဲ့ရသည်။ 

သို့ရာတွင် ဆီးရီးယားအစိုးရက လွတ်မြောက်ရေးသူပုန်အုပ်စုများကိုပါ အကြမ်းဖက်အုပ်စုများအဖြစ် ရောနှောသတ်မှတ်ထားသောကြောင့် အပစ်ရပ်စာချုပ်သည် စက္ကူစုတ်ဖြစ်သွားနိုင်ခြေရှိသည်ဟု အချို့က သုံးသပ်ကြသည်။

F-04



FOLLOW US