POST TAGGED AS

ရန်ဟီးလီ

လိုင်ဇာနှင့် ဖားကန့်သို့ ကုလ အထူးကိုယ်စားလှယ် သွားခွင့်မရ

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ကချင်ပြည်နယ်၌ တပ်မတော်နှင့် KIA တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သော ဒေသအချို့သို့ သွားရောက်မည့် ကုလအထူး ကိုယ်စားလှယ်၏ ခရီးစဉ်အချို့ကို ပြည်နယ် အစိုးရအဖွဲ့က သွားရောက်ခွင့် မပြုခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စရန်ဟီးလီ၏ ကချင်ပြည်နယ် ခရီးစဉ်၌ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့၊ တပ်မတော်နှင့် KIA တို့ တိုက်ပွဲများ ဖြစ်ပေါ်ခဲ့သော ဖားကန့်ဒေသသို့ လုံခြုံရေးအရ သွားရောက်ခွင့် မပြုခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီး တစ်ဦးက အတည်ပြု ပြောဆိုသည်။

“လုံခြုံရေး အခြေအနေအရ သွားရောက်ခွင့် မပြုတာဖြစ်တယ်။ သူစီစဉ်ထားတာက လိုင်ဇာ၊ ဖားကန့်ဒေသတို့ တင်ပြထားတာ ရှိတယ်။ အခြား ဒေသတွေကိုတော့ သွားရောက်ဖို့ တင်ပြထားတာ မရှိဘူး”ဟု ကချင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ပြောကြားသည်။

မစ္စရန်ဟီးလီသည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ဇန်န၀ါရီ ၉ ရက်က ရောက်ရှိခဲ့၍ ဇန်န၀ါရီ ၁၀ ရက်တွင် မြစ်ကြီးနားနှင့် ၀ိုင်းမော်မြို့ရှိ စစ်ရှောင်စခန်း သုံးခုအား သွားရောက်ကာ စစ်ရှောင်ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

“လာတွေ့ပြီးတော့မှ စစ်ရှောင်တွေရဲ့ လုံခြုံမှု အခြေအနေကို မေးသွားတယ်။ ဘာမှတော့ ပြောမသွားဘူး။ လေ့လာရုံပါပဲ”ဟု ၀ိုင်းမော်မြို့ မိုင်းနားရှိ KBC စစ်ရှောင်စခန်း တာဝန်ခံ ဦးခေါင်ဒေါင်က ပြောကြားသည်။

ကုလအထူးကိုယ်စားလှယ်၏ ကချင်ပြည်နယ် ခရီးစဉ်အပေါ် အစိုးရအနေနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပြီး လုံခြုံရေး အကြောင်းပြချက်ကြောင့် သွားရောက်ခွင့် ကန့်သတ်ခြင်းသည် အစိုးရအနေနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းချက် တစ်ခုဖြစ်နိုင်ကြောင်း ညီမျှခြင်းမြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုသည်။

“သွားရောက်ခွင့်ရရန် အစိုးရအဖွဲ့တွေက စီစဉ်ပေးခြင်းအားဖြင့် သူ့အနေနဲ့ အဖြစ်မှန်တွေ ပိုသိရမယ်။ လုံခြုံရေးကို အကြောင်းပြတာ မဟုတ်ပဲ အမှန်တကယ် သွားလာနိုင်ဖို့ အထူး စီစဉ်ပေးသင့်ပါတယ်”ဟု ဦးအောင်မျိုးမင်းက ပြောသည်။

ကုလအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်၌ ကချင်ပြည်နယ်အပြင်၊ ရခိုင်ပြည်နယ် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့် ဒေသများသို့ ၁၂ ရက်ကြာ သွားရောက်မည်ဖြစ်သည်။

မစ္စရန်ဟီးလီသည် မြန်မာနိုင်ငံ၌ လူ့ အခွင့်အရေး အခြေအနေနှင့် ပတ်သက်သော အစီရင်ခံစာကို မတ်လအတွင်း ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၌ အစီရင်ခံစာ တင်သွင်းသွားမည်ဖြစ်သည်။                

J-07, R-06



FOLLOW US