News

POST TAGGED AS

ရန်ဟီးလီ

အစ္စရေး အခြေချနေရာများ တည်ဆောက်မှု ရပ်တန့်ရန် ကုလလုံခြုံရေးကောင်စီ ဆုံးဖြတ်
နယူးယောက်၊ ဒီဇင်ဘာ ၂၄

အမေရိကန် ပြည်ထောင်စုက ဗီတို အာဏာ အသုံးပြုရန် ငြင်းဆိုလိုက်ပြီးနောက် အစ္စရေး အခြေချနေရာများ တည်ဆောက်မှု ရပ်တန့်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဝင်ရောက် စွက်ဖက်ပေးရန် ဒေါ်နယ်ထရမ့်ကို အစ္စရေးက တောင်းဆိုလိုက်ပြီးနောက် အီဂျင် ရေးဆွဲထားသည့် မူကြမ်းကို ရုပ်သိမ်းလိုက်ပြီး ယင်းမူကြမ်းကိုပင် မလေးရှား၊ နယူးဇီလန်၊ ဆီနီဂေါနှင့် ဗင်နီဇွဲလားတို့က ထပ်မံ အဆိုပြုလိုက်ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ လုပ်ဆောင်လိုက်ပြီးသည့်နောက်တွင် နယူးဇီလန်နှင့် ဆီနီဂေါတို့၏ အစ္စရေး အသံအမတ်ကြီးများကို ပြန်လည် ခေါ်ယူခဲ့ပြီး မလေးရှား၊ ဗင်နီဇွဲလားနိုင်ငံတို့နှင့် အစ္စရေးကြားတွင် သံတမန်ရေး ဆက်နွှယ်မှု မရှိပေ။

အဆိုပါ ဆုံးဖြတ်ချက်ကိုလည်း လိုက်နာမည် မဟုတ်ဟု အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုက ပြောကြားလိုက်သည်။

ထောက်ခံမဲ ၁၄ မဲ၊ ကန့်ကွက်မဲ မရှိ၊ မဲမပေးမှု ၁ ခုရှိသည့် ကုလဆုံးဖြတ်ချက်ကို ပါလက်စတိုင်း ခေါင်းဆောင်ပိုင်းက ကြိုဆို လိုက်သည်။

ဂျူးအခြေချ နေရာများ တည်ဆောက်မှုသည် အစ္စရေးနှင့် ပါလက်စတိုင်းကြား အငြင်းပွားရဆုံး အရေးဖြစ်ပြီး ငြိမ်းချမ်းရေး ရရှိရေး အတားအဆီး တစ်ရပ်ဖြစ်သည်ဟု ပါလက်စတိုင်းတို့က ရှုမြင်ထားသည်။

အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရူဆလင်ကို အစ္စရေးတို့ သိမ်းယူခဲ့သည့် ၁၉၆၇ ခုနှစ်နောက်ပိုင်းမှ စတင်ဆောက်ခဲ့သည့် အခြေချနေရာ ၁၄၀ ခန့်တွင် ဂျူးလူမျိုးပေါင်း ၅၀ဝ,ဝ၀ဝ ခန့် နေထိုင်လျက်ရှိသည်။

ယင်းအခြေချ နေရာများသည် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ တရားဝင်မှု မရှိသော်လည်း အစ္စရေးက လက်ခံခြင်း မရှိပေ။

“ဆီးရီးယားမှာ သန်းဝက်လောက်ရှိတဲ့လူတွေ သတ်ဖြတ်ခံနေရချိန်မှာ ဘာမှ မလုပ်တဲ့ လုံခြုံရေး ကောင်စီက အရှေ့ အလယ်ပိုင်းရဲ့ တစ်ခုတည်းသော စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အစ္စရေးကို အရှက်ကင်းမဲ့စွာ ဆန့်ကျင်ပြီး အနောက်ဘက် တံတိုင်းကို သိမ်းပိုက်ထားတဲ့ နယ်မြေဆိုပြီး ခေါ်နေတယ်”ဟု အစ္စရေး ဝန်ကြီးချုပ် ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း အခြေချနေထိုင်ရာများ တိုးချဲ့နေချိန်တွင် ပဋိပက္ခများ ရပ်တန့်နိုင်မည့် နိုင်ငံတော် နှစ်ခု အဖြေကို ရှာတွေ့နိုင်မည် မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆာမန်သာ ပါဝါက ပြောကြားလိုက်သည်။

F-05



FOLLOW US