News

POST TAGGED AS

ရန်ပုံငွေ

ဧရာဝတီတိုင်းရှိ အိမ်ခြေသုံးသောင်းခန့်ကို ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပေးမည်
ပုသိမ်၊ မေ ၉ 

ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ် ၁၃ မြို့နယ်ရှိ ကျေးရွာ ၄၆၅ ရွာမှ ကျေးလက်အိမ်ခြေ သုံးသောင်းခန့်ကို နေရောင်ခြည် စွမ်းအင်သုံး၊ (ဆိုလာစနစ်) ဖြင့် လျှပ်စစ်မီး ပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးထံမှ သိရသည်။ 

အဆိုပါ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးပေးရန်အတွက် တစ်နိုင်ငံလုံး အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး (NEP) စီမံကိန်းအရ ကုန်ကျစရိတ်ကို ဒေသခံ ပြည်သူတို့က ၁၀ ရာခိုင်နှုန်း၊ အစိုးရက ၆၀ ရာခိုင်နှုန်း၊ ကမ္ဘာ့ဘဏ် ထောက်ပံ့မှု ၃၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယင်းစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်၏ အတိုးမဲ့ချေးငွေ ဒေါ်လာ သန်း ၄၀ဝ ဖြင့် ဆောင်ရွက်ကာ ယင်းရန်ပုံငွေမှ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဦးစီးဌာန (EPC) မှ ဒေါ်လာ သန်း ၃၁၀ ကို အသုံးပြုပြီး ၁၁ ကေဗီ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားကို သွယ်တန်းပြီး မဟာဓာတ်အားလိုင်း၏ ၁၀ မိုင်အကွာ အတွင်းဘက် ကျေးရွာများကို လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောကြားသည်။ 

မဟာဓာတ်အားလိုင်း၏ ၁၀ မိုင်အကွာ အပြင်ဘက်ရှိ ကျေးရွာများကိုမူ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အမေရိကန် ဒေါ်လာ သန်း ၉၀ ကို  အသုံးပြုကာ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီး ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တစ်အိမ်လျှင် ကုန်ကျစရိတ် ကျပ်သုံးသောင်းမှ ခုနစ်သောင်း ကုန်ကျမည်ဖြစ်ပြီး မှာယူထားသော ပစ္စည်းများမှာ မေလ ပထမပတ်တွင် ပြည်ပက ရောက်ရှိလာပြီး၊ LED မီးလုံးသုံးလုံးနဲ့ တီဗီတစ်လုံး အသုံးပြုနိုင်ကာ ဖုန်းအားသွင်း၍လည်းရကြောင်း ၎င်းက ရှင်းပြသည်။

“အရစ်ကျပေးရမယ်ဆိုတဲ့ စနစ်ကြောင့်ရယ်၊ ကုန်ကျစရိတ်က ၁ သိန်းတောင် မပြည့်တတ်တော့ တောသူတောင်သားတွေအတွက် အဆင်ပြေတာပေါ့၊ ပြီးတော့ အာမခံ ကာလအတွင်း ကိုယ့်ပယောဂကြောင့် မဟုတ်ဘူး။ ပျက်စီးတယ်ဆိုရင် အသစ်လဲပေးမယ် ဆိုတာလည်း သဘောကျပါတယ်”ဟု ပုသိမ်မြို့နယ် မဲဇလီကျေးရွာမှ ဒေါ်နန့်တင်ဝိုင်းက ပြောဆိုသည်။

ယင်းအစီအစဉ်အတွက် ဘတ်ဂျက်ကို ၂၀၁၆- ၂၀၁၇ ခုနှစ်တွင် စတင်ရရှိခဲ့ပြီး ၂၀၁၇- ၂၀၁၈ ခုနှစ်တွင် စတင် အကောင်အထည်ဖော်နေကြောင်း၊ လက်ရှိတွင် မအူပင်မြို့နယ် ဘုရားချောင်းကျေးရွာနှင့် ဟင်္သာတမြို့နယ် ဆိုင်ပြွန်ကျေးရွာတွင် စမ်းသပ် တပ်ဆင်နေကြောင်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အိမ်ခြေ ၂၉၉၃၅ ကို လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် သတ်မှတ်ထားကြောင်း၊ ၂၀၃၀- ၂၀၃၁ ဘဏ္ဍာနှစ်တွင် ကျေးရွာအားလုံး လျှပ်စစ်ဓာတ်အား ရရှိရေးကို နှစ်အလိုက် လျာထားသတ်မှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ညွှန်ကြားမှု ဦးစီးဌာနရုံးမှ သိရှိရသည်။ 

R-12



FOLLOW US