News

POST TAGGED AS

ရန်ပုံငွေ

ဒေါင့်ကြီး အ.ထ.က ကျောင်းဆောင်သစ် အရည်အသွေးမမီ၍ တည်ဆောက်သည့် ကုမ္ပဏီကို အရေးယူမည်
ပုသိမ်၊ ဇူလိုင် ၃၁

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း ကျောင်း “အ.ထ.က (ဒေါင့်ကြီး)” ကျောင်း၏ RC ၂ ထပ်ဆောင်သစ်ကို ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်း မပြည့်သည့်အတွက် ဆောက်သည့်ကုမ္ပဏီကို အရေးယူမည်ဖြစ်ကြောင်း ယင်းတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

အဆိုပါ ကျောင်းဆောင်သစ်ကို တာဝန်ယူတည်ဆောက်သည့် ရီဖလက်ရှင်ကုမ္ပဏီမှ တည်ဆောက်နေခြင်းအပေါ် ဒေသခံပြည်သူများက တိုင်ကြားလာသည့်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အရည်အသွေးစစ်ဆေးရေးကော်မတီတို့မှ စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက် အကြံပြုချက်များအရ၊ ဒုတိယ ညွှန်ကြားရေးမှူး မြို့ပြ အဆောက်အအုံ ဦးစီးဌာနသို့ ကွင်းဆင်းကြီးကြပ်ပြီး ဆောင်ရွက်ရန် ဇူလိုင် ၁၃ ရက်နေ့က ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိပါက တင်ဒါရ ကုမ္ပဏီကို အမည်ပျက်စာရင်း မှတ်တမ်းထားရှိပြီး စာချုပ်ပါစည်းမျဉ်းစည်းကမ်းများနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်”ဟု ဒေါက်တာလှမြတ်သွေးက ပြောဆိုသည်။

တင်ဒါရကုမ္ပဏီသည် “အ.ထ.က (ဒေါင့်ကြီး)”  RC ၂ ထပ်ဆောင် ပေ ၁၃၀၊ ပေ ၃၀ ကျောင်းဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေကို ဇွန်လ ၆ ရက်နေ့က စစ်ဆေးခဲ့ရာ ကွန်ကရစ်လောင်းရာတွင် လေခိုပေါက်များတွေ့ရခြင်း၊ RC တိုင်များတွင် သံချောင်းများထွက်နေခြင်း၊ ပိုနေသော သံချောင်းများကွေး၍ ကျောက်ဖြင့်ဖိထားခြင်း၊ ကွန်ကရစ် အောက်ခြေအထိ ဘိလပ်မြေမရောက်ခြင်း၊ ကွန်ကရစ် တိုင် ၁၃ တိုင် ပုံသဏ္ဌာန်မမှန်ခြင်း၊ မျက်နှာကြက်များကို ဒန်ကြိုးဖြင့် တွဲချည်ထားခြင်း စသည့်သပ်ရပ်မှုမရှိ၊ အရည်အသွေး မပြည့်မီသည်များကို စစ်ဆေးတွေ့ရှိကြောင်း ကျောင်းကုန်းမဲဆန္ဒနယ် ၁ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်းက ပြောကြားသည်။

ကျောင်းကုန်းမြို့နယ်အတွင်း အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ မူလတန်းကျောင်း ၁ ကျောင်းနှင့် မူလတန်းလွန်ကျောင်း ၁ ကျောင်းတို့တွင် ကျောင်းဆောင်သစ် တစ်ဆောင်စီ တိုးချဲ့ဆောက်လုပ်ခဲ့ပြီး ယင်းကျောင်းဆောင်သစ်များ ဆောက်လုပ်ရာတွင် “ရီဖလက်ရှင် ကုမ္ပဏီ” သည် “အ.ထ.က (ဒေါင့်ကြီး)” နှင့် “အ.မ.က (စပါယ်ရုံ )” ကျောင်းတို့တွင် တင်ဒါအောင်မြင်၍ အဆောက်အအုံ တည်ဆောက်ခွင့်ရရှိထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။

R-12



FOLLOW US