News

POST TAGGED AS

ရန်ပုံငွေ

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဟောင်း လွှဲအပ်ရန်ကျန်သည့် ရန်ပုံငွေ ကျပ် ၅ ဘီလီယံကျော် ဩဂုတ်လအတွင်း ပြန်ပေးမည်
ပုသိမ်၊ ဇူလိုင် ၁၇

ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်းက ရရှိထားသည့် ဧရာဝတီတိုင်းအစိုးရရန်ပုံငွေများမှ ယခုအစိုးရသို့ လွှဲအပ်ရန်ကျန်ရှိသည့် ကျပ် ၅ ဒသမ ၂ ဘီလီယံကို ဩဂုတ်လဆန်းပိုင်းအတွင်း နောက်ဆုံးထား လွှဲအပ်မည်ဖြစ်ကြောင်း ဧရာဝတီပညာရေး၊ ကျန်းမာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းထံမှ သိရသည်။

၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိဆောင်ရွက်ခဲ့သည့် ဧရာဝတီတိုင်းအစိုးရဟောင်းအနေနှင့် လွှဲအပ်ရန် ကျန်ရှိနေသေးသည့် ငွေကြေးများကို ဩဂုတ်လအတွင်း ပြန်လည်ပေးအပ်မည်ဆိုသည်ကို ဇူလိုင် ၁၃ ရက်နေ့က အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။

“မြန်မာနိုင်ငံသားများဖြစ်တဲ့ ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်သမ္မတ ရုံးရဲ့ညွှန်ကြားချက်ကို လိုက်နာရမှာဖြစ်ပါတယ်။ ဒေသဖွံ့ဖြိုးရေးအတွက် စီစဉ်ခဲ့တာပါ။ ဒီဖောင်ဒေးရှင်းကလည်း ဒေသဖွံ့ဖြိုးရေးအတွက်ပဲ လုပ်ခဲ့ပါတယ်။ ငွေစာရင်းတွေ အသင့်လုပ်ပြီးပြီ၊ ဘဏ်တွေကနေ ငွေလွှဲပြောင်းလုပ်တာမှာတော့ လက်ရှိအစိုးရအဖွဲ့ အကြောင်းပြန်ကြားတာကို စောင့်နေပါတယ်”ဟု ဧရာဝတီ ပညာရေး၊ ကျန်းမာရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အတွင်းရေးမှူး ဦးကြည်အောင်က ရှင်းပြပြောဆိုသည်။

သမ္မတရုံးညွှန်ကြားချက်အရ ထိုသို့ ငွေလွှဲပြောင်းပေးရန် ရက် ၉၀ ကျော် ကြိုတင် အကြောင်းကြားထားပြီးဖြစ်ရာ ယင်းနောက်ဆုံးရက်မှာ ဇူလိုင် ၁၆ ရက် နေ့တွင် ပြည့်ပြီဖြစ်သော်လည်း ဩဂုတ်လဆန်းပိုင်းမှသာ လွှဲပြောင်းရန် စီစဉ်နေခြင်းဖြစ်သည်။

လွှဲပြောင်းပေးရမည့် ရန်ပုံငွေ ၅ ဒသမ၂ ဘီလီယံမှ ငွေသား ၃ ဒသမ ၄၉ ဘီလီယံကို ဧရာဝတီ၊ အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်(AGD)၊ ယူနိုက်တက်အမရဘဏ် (UAB)၊ A Bank တို့တွင် အပ်နှံထားပြီး ၁ ဒသမ ၂၇ ဘီလီယံကို လုပ်ငန်းရှင် ၈ ဦးကို အကျိုးတူစီးပွားရေး လုပ်ဆောင်ရန် ရင်းနှီးမြှုပ်နှံထားပြီး ပညာရေးအတွက် ကျပ်သိန်း ၅၀၀ ကျော်၊ ရေဘေးလေဘေးတို့တွင် ကျပ်သိန်း ၅၀၀ ကျော်နှင့် ကျန်းမာရေးတို့အတွက် လှူဒါန်းမှုများ ပြုလုပ်ထားကြောင်း၊ စုငွေမှရရှိသည့် ဘဏ်တိုးနှင့် အကျိုးတူလုပ်ငန်းများမှ တစ်နှစ်လျှင် ကျပ်သိန်း ၄၀၀ မှ ၅၀၀ ခန့်ရရှိကြောင်း ယင်းဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူ ယခင် တိုင်းအစိုးရအဖွဲ့ဟောင်း နယ်စပ်ရေးရာ ဝန်ကြီးဖြစ်ခဲ့သူ ဦးမောင်မောင်ဝင်းက ၂၀၁၇ ခုနှစ် မေလ ၁၁ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။  

R-12



FOLLOW US