News

POST TAGGED AS

ရန်ပုံငွေ

ယခင်အစိုးရအာဏာလွှဲချိန်၌ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ပေးသွင်းရန် ကျန်သည့်ငွေ ကျပ်သန်းသုံးထောင်ခန့်ရှိဟု အစီရင်ခံစာဖော်ပြ
မန္တလေး၊ ဇွန် ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက် မန္တလေးတိုင်းဒေသကြီး အစိုးရသက်တမ်းတစ်လျှောက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများမှ အစိုးရအနေနှင့် စာရင်းမပြနိုင်ခြင်း၊ အကျိုးအမြတ်မရရှိခြင်းတို့ဖြင့် ပြည်သူ့ဘဏ္ဍာငွေများ ပြန်လည်ပေးသွင်းရန် ကျန်ရှိနေသည်မှာ ကျပ်သန်းပေါင်း ၃၀၀၀ ရှိကြောင်း တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက စစ်ဆေးတွေ့ရှိခဲ့ချက်များကို အစီရင်ခံခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က သတင်းမီဒီယာများသို့ ပြောကြားသည်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ရန်ပုံငွေစာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ညွှန်ကြားချက်ဖြင့် တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးက စစ်ဆေးခဲ့ရာ ယင်းသို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း NLD အစိုးရ ဒုတိယတစ်နှစ်တာအတွင်း ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယင်းသို့ ဖတ်ကြားပြခဲ့ခြင်းဖြစ်သည်။

“ဒါတွေက ပြည်သူ့ငွေတွေဖြစ်ပါတယ်။ ပြည်သူ့ငွေတွေ သူတို့သုံးထားတာကို စာရင်းရှင်းဖို့ ကျန်ပါတယ်။ သက်ဆိုင်ရာတွေကို အစိုးရက ပို့ပေးပြီးဖြစ်ပါတယ်။ ရလာတဲ့ဟာတွေကို ကျွန်တော်တို့က ရှင်းပေးရမှာပါ။ ပြည်သူ့ဘဏ္ဍာဟာ လျှော်ပစ်လို့မရပါဘူး”ဟု ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ယခင်တိုင်းဒေသကြီးအစိုးရ၏ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေစာရင်းကို စစ်ဆေးတွေ့ရှိချက်များအရ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးရန်ပုံငွေများ၊ ကြိုတင်ထုတ်ချေးငွေများ ပြန်လည်ရရှိရန်ကျန်ခြင်း၊ အစိုးရအဖွဲ့ရန်ပုံငွေများကို ပြန်လည်ပေးသွင်းရန်ကျန်ခြင်း၊ မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ်များ အရစ်ကျရောင်းချမှုမှ ပြန်လည်ရရှိရန် ကျန်ငွေများ၊ ကျောင်းသုံးဗလာစာအုပ် အခမဲ့ဖြန့်ဝေခြင်းတွင် ပညာရေးမှူးရုံးမှ လက်ခံရရှိမှုမရှိဘဲ ပျောက်ဆုံးနေခြင်း၊ ဈေးမီးလောင်မှုတွင် ပြန်လည်တည်ဆောက်ရေး ရန်ပုံငွေများကို ပေးအပ်မှုမရှိခြင်းတို့အတွက် ကျပ်သန်းပေါင်း ၂၉၅၂ ဒသမ ၇၃၂ ကို ပြန်လည်ပေးသွင်းရန် ကျန်ရှိနေခြင်းဖြစ်သည်။

လက်ရှိတိုင်းဒေသကြီးအစိုးရအနေနှင့် ယင်းသို့ ပြန်လည်ပေးသွင်းရန် ကျန်ရှိနေသည့် ငွေကြေးများနှင့် စာရင်းများကို သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားစာများ ပေးပို့ထားပြီး ရရှိအောင်တောင်းရန်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

M-04



FOLLOW US