News

POST TAGGED AS

ရန်ကုန်

ရန်ကုန်တွင် ခရိုင်ရဲတပ်ဖွဲ့မှူး နှစ်ဦး အစားထိုးခန့်
ရန်ကုန်၊ မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်နှင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး တာဝန်ထမ်းဆောင်မည့် ဒုတိယရဲမှူးကြီး နှစ်ဦးကို ပြည်ထဲရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မေလ ၁၇ ရက်နေ့က အစားထိုးခန့်အပ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်စိုး၏ နေရာတွင် ဒုတိယရဲမှူးကြီး ကျော်စိုးလွင်၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်သန်းဦး၏ နေရာတွင် ဒုတိယရဲမှူးကြီး သိန်းလွင်တို့ကို အစားထိုး ခန့်အပ်ခဲ့သည်။

“အရှေ့ပိုင်းခရိုင်မှူး ဒုရဲမှူးကြီး ကျော်စိုးက ပခုက္ကူခရိုင်မှူးအဖြစ် ပြောင်းရွှေ့သွားပြီ၊ သူ့နေရာမှာ ခန္တီးက ပြောင်းလာတဲ့ ဒုရဲမှူးကြီး ကျော်စိုးလွင်ကို ခရိုင်မှူးအဖြစ် ခန့်အပ်ထားတယ်၊ အနောက်ပိုင်း ခရိုင်မှူး ဒုရဲမှူးကြီး မြင့်သိန်းဦးက အငြိမ်းစားပင်စင် ယူသွားတာကြောင့် ဒုရဲမှူးကြီး သိန်းလွင်ကို ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်အရ ခန့်အပ်လိုက်တာပါ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ အသစ်ခန့်အပ်လိုက်သည့် ခရိုင်ရဲတပ်ဖွဲ့မှူး နှစ်ဦးတွင် ဒုရဲမှူးကြီး သိန်းလွင်မှာ ယခင် ရဲမှူးအဆင့်ရာထူးဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဆူးလေရှန်ဂရီလာ (ယခင် ကုန်သည်ကြီးဟိုတယ်) ဗုံးဖောက်ခွဲသူကို ၎င်းကိုယ်တိုင် ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး အခြားလူအများ စိတ်ဝင်စားသည့် ပြစ်မှုကြီး ဖြစ်စဉ်များကိုပါ စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ခဲ့သူ ဖြစ်သည်။

မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းမှူးအား ကွမ်းခြံကုန်းမြို့နယ်သို့ ပြောင်းရွှေ့ပြီးနောက် ယခု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးအား ထပ်မံပြောင်းရွှေ့ခြင်းသည် မေလ ၉ ရက်နေ့ ညက မြယာကုန်းပဋိပက္ခနှင့် မသက်ဆိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသော်လည်း ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများကမူ ရန်ကုန်နယ်မြေအား ကိုင်တွယ်ရန် ကျွမ်းကျင်သူများကို အစားထိုးခန့်အပ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ယခုနှစ် မေလတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲမှူးအဆင့် ရာထူးရှိသူ ၅၀ ကျော်ကို ဒုတိယရဲမှူးကြီးအဆင့် ရာထူးတိုးမြှင့်ပေးခဲ့ရာတွင် တပ်မတော်မှ ရဲတပ်ဖွဲ့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်သူ အချို့ ပါဝင်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။                               

S-03



FOLLOW US