News

POST TAGGED AS

ရန်ကုန်

20-Aug-2018

ရန်ကုန်
ပြည်သူ့နီတိပြိုင်ပွဲများ စက်တင်ဘာလ စမည်
ရန်ကုန်၊ ဩဂုတ် ၂၀

ရန်ကုန်တိုင်းအတွင်း အခြေခံပညာကျောင်းများတွင် စက်တင်ဘာ ၁၄ ရက်မှစ၍ ရန်ကုန်မြို့တော်ဝန်ဆု ပြည်သူ့နီတိ ပြိုင်ပွဲများ စတင်ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရသည်။

ထိုပြိုင်ပွဲတွင် ဘကကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ အပါအဝင် အခြေခံပညာကျောင်းအားလုံး ပါဝင်နိုင်မည်ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲသည် ဒုတိယအကြိမ်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

တိုင်းပညာရေးမှူး ရုံးတာဝန်ရှိသူတစ်ဦးက “ကျောင်းအားလုံး ပြိုင်ခွင့်ရှိတယ်။ ပြိုင်၊ မပြိုင်ကတော့ ကျောင်းရဲ့သဘာဝနဲ့ ကျောင်းအုပ်ကြီးတွေသဘောပါ။ ကျွန်မတို့ကတော့ ကျောင်းတိုင်းပါဖို့ ခေါ်တာပေါ့”ဟု ပြောကြားသည်။

ပြိုင်ပွဲများကို စက်တင်ဘာ ၁၄ ရက်တွင် ကျောင်းအဆင့်၊ အောက်တိုဘာ ၅ ရက်တွင် မြို့နယ်အဆင့်၊ နိုဝင်ဘာ ၄ ရက်တွင် ဗဟိုအဆင့်ဟူ၍ ရေးဖြေယှဉ်ပြိုင်ရမည်ဖြစ်ကာ ဗဟိုအဆင့်ဆုရသူများကို ရန်ကုန်မြို့တော်ဝန်က ဆုချီးမြှင့်မည်ဖြစ်သည်။

ပြိုင်ပွဲဝင်ရာတွင် မူ/လယ်/ထက် ဟူ၍ သတ်မှတ်ထားပြီး တစ်ဆင့်လျှင် ကျောင်းသား၊ ကျောင်းသူ ၃ ဦးစီ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကာ မြို့တော်စည်ပင်က ဖြန့်ဝေထားသော ပြည်သူ့နီတိစာအုပ်များ၊ အခြားသောစာအုပ်များကို လေ့လာထားရမည်ဖြစ်သည်။

ဒဂုံမြို့သစ်အရှေ့ပိုင်း မူလွန် (၆) ကျောင်းအုပ် ဦးဝင်းရှိန်က “ဒီနှစ် ပထမဆုံးအကြိမ် ဝင်ပြိုင်မှာပါ။ ခုတော့ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ စည်ပင်ကထုတ်တဲ့စာအုပ်တွေကို လေ့လာခိုင်းထားတယ်။ ပြိုင်ချင်တဲ့ ကလေးမှန်သမျှ အကုန်ပြိုင်ခိုင်းမှာ”ဟု ပြောကြားသည်။

ပြည်သူ့နီတိပြိုင်ပွဲများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့သည်။

ရန်ကုန်တိုင်းအတွင်း၌ အခြေခံပညာကျောင်း စုစုပေါင်း ၂၇၀၀ ကျော်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၂၂၀ ကျော်နှင့် ပုဂ္ဂလိကကျောင်း ၂၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးထံမှ သိရှိရသည်။

J-19



FOLLOW US