News

POST TAGGED AS

ရန်ကုန်

ရက် ၂၀ ကျော် ရပ်နားခဲ့သည့် ရန်ကုန်-မော်လမြိုင်ရထား ပြန်ဆွဲ
ရန်ကုန်၊ ဩဂုတ် ၁၉

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ရေကျော်၍ လမ်းပိုင်းနှင့် တံတားထောက်တိုင် ပျက်စီးမှုကြောင့် ရက်ပေါင်းနှစ်ဆယ်ကျော် ရပ်နားထားသည့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်ကို ယနေ့ (ဩဂုတ်လ ၂၀ ရက်) တွင် ပြန်လည်ပြေးဆွဲပြီဖြစ်ကြောင်း မြန်မာ့မီးရထား၊ တိုင်း-၇၊ (သွားလာပို့ဆောင်ရေးဌာန) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နှင်းပုလဲနှင့် ဒုံဝန်းဘူတာကြား တံတားထောက်တိုင် မျောပါသွားခြင်းကို အစားထိုးပြုပြင်ခြင်း ဆောင်ရွက်ခဲ့ပြီး ဩဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်တွင် တံတားကြံ့ခိုင်မှုနှင့်ပြေးဆွဲရန် အဆင်ပြေ၊ မပြေ စမ်းသပ်ပြေးဆွဲခြင်းကို ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ရထားတွေကို အမြန်ဆုံးပြေးဆွဲနိုင်အောင် ဝန်ထမ်းတွေက မနားမနေ ပြုပြင်ခဲ့ပေမယ့် မိုးက ထပ်ရွာခဲ့တဲ့အတွက် လုပ်ငန်းဆောင်ရွက်မှု ကြန့်ကြာတာတွေ ဖြစ်သွားတယ်။ မိုးကသည်းနေတော့ ရေအောက်ထဲဆင်းပြီးလုပ်ဖို့ အန္တရာယ်များတယ်လေ။ သို့သော် ပြင်ဆင်ရေးတွေလုပ်နေတဲ့ ဝန်ထမ်းတွေက လုပ်နိုင်တဲ့အပိုင်းကို ဆက်တိုက်လုပ်ခဲ့တာပါ”ဟု သွားလာပို့ဆောင်ရေးဌာန (နေပြည်တော်) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဇူလိုင်လ ၂၇ ရက်က ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းရှိ မိုင်တိုင် ၁၁၈၁၆ မှ ၁၁၉၁၆ အထိ သံလမ်းရေ ကျော်ခဲ့၍ နှင်းပုလဲနှင့် ဒုံဝန်းဘူတာကြား၊ မိုင်တိုင်အမှတ် (၁၂၀/၅-၆) ကြား၊ တံတားအမှတ်-၇၄၊ ရေထောက်တိုင်အုတ်ခုံအမှတ်-၄ မှာ ရေစီးထဲပါသွားသဖြင့် ရထားပြေးဆွဲခြင်းကို ယာယီရပ်နားခဲ့ခြင်းဖြစ်ကာ ဩဂုတ်လ ၁၉ ရက်အထိတွင် ရက်ပေါင်း ၂၄ ရက် ရပ်နားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရထားလမ်းပိုင်းတစ်လျှောက်ရှိ ရထားပြေးဆွဲရန် အဆင်ပြေသည့်လမ်းပိုင်းအချို့ကို ပြန်လည်ပြေးဆွဲခဲ့ပြီး မော်လမြိုင်-ရေး-ထားဝယ် လမ်းပိုင်းတို့ကို ဇူလိုင်လ ၃၁ ရက်က အမှတ် ၁၇၁ အဆန်၊ ၁၇၂ အစုန်၊ ၁၇၅ အဆန်၊ ၁၇၆ အစုန်ရထားများကို ပုံမှန်အချိန်စာရင်းအတိုင်း ပြန်လည်ပြေးဆွဲခဲ့သည်။

ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းတွင် အစုန်၊ အဆန်ရထားသုံးစင်းဖြစ်သော ၃၅ အဆန်၊ ၃၆ အစုန်၊ ၈၉ အဆန်၊ ၉၀ အစုန်၊ ၁၇၅ အဆန်၊ ၁၇၆ အစုန်ရထားများဖြင့် ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06



FOLLOW US