News

POST TAGGED AS

ရန်ကုန်

၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ဖုန်းဝယ်ပေးမည်ဟုဆိုကာ သားမယားအဖြစ် ပြုကျင့်
ရန်ကုန်၊ ဇူလိုင် ၂၅

၁၄ နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦးကို ဖုန်းဝယ်ပေးမည်ဟု မက်လုံးပေး လီဆယ်ပြောဆိုပြီး အငှားယာဉ်ဖြင့် နေအိမ်သို့ ခေါ်ဆောင်၍ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် လူငယ်လေးဦးကို ဇူလိုင်လ ၂၅ ရက် ညနေပိုင်းက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။ 

လူငယ်လေးဦး၏ သားမယားအဖြစ် ပြုကျင့်မှုကိုခံခဲ့ရသည့် မိန်းကလေးမှာ တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ဇူလိုင်လ ၂၃ ရက် ည ၈ နာရီက နေအိမ်မှ တစ်ဦးတည်း အပြင်ထွက်လာစဉ် လူငယ်နှစ်ဦးက နောက်မှလိုက်လာပြီး စကားပြောခဲ့ကြောင်း၊ ယင်းနောက် ၎င်းတို့သုံးဦး အအေးဆိုင်တစ်ဆိုင်တွင်အတူ ထိုင်စကားပြောခဲ့ကြပြီးနောက် မိန်းကလေးက လက်ကိုင်ဖုန်းတစ်လုံး လိုချင်သည်ဟု လူငယ်နှစ်ဦးကို ပြောဆိုခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ယင်းနောက် လူငယ်နှစ်ဦးက ဖုန်းဝယ်ပေးမည်ဟု မိန်းကလေးကို မက်လုံးပေး လီဆယ်ပြောဆိုကာ အငှားယာဉ်ဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ နေအိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားခဲ့ပြီး သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း၊ ထို့ပြင် အမည်မသိ အမျိုးသားနှစ်ဦး ထပ်မံရောက်ရှိလာပြီး မိန်းကလေးကို သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့ပြီးနောက် ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် အငှားယာဉ်တစ်စီးကို ငှား၍ ပြန်လွှတ်ပေးခဲ့ကြောင်း ရဲအရာရှိထံမှသိရသည်။

“ကောင်မလေးကို ခေါ်သွားသူတွေက သူတို့အချင်းချင်း စကားပြောဆိုကြတဲ့အခါမှာ တစ်ယောက်နာမည် တစ်ယောက် ထည့်ခေါ်ဆိုပြောတဲ့ နာမည်တွေကို ကောင်မလေးက မှတ်မိခဲ့တယ်။ ဒီအဖွဲ့ထဲက နှစ်ယောက်ကို ဖမ်းမိထားပြီး ကျန်နှစ်ယောက်ကတော့ လွတ်နေဆဲပါ”ဟု ရဲအရာရှိက ပြောသည်။

၁၄ နှစ်ခွဲအရွယ် မိန်းကလေးကို သားမယားအဖြစ် ပြုကျင့်ခဲ့သည့်အဖွဲ့မှ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၁၈ ရပ်ကွက်၊ မလိခနှင့် ပုလဲကျွန်းလမ်းထောင့်တွင် နေထိုင်သူ အသက် ၂၂ နှစ် သီဟ၊ ယင်းရပ်ကွက်ရှိ နတ်မောက် ၅ လမ်းတွင် နေထိုင်သူ အသက် ၂၀ နှစ် စာကလေး (ခ) အောင်နိုင်တို့ကို ဖမ်းမိခဲ့ပြီး ကျန်လွတ်မြောက်နေသူ နှစ်ဦးအပါအဝင် ၎င်းတို့ လေးဦးကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၆၃/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှသိရသည်။


S-03




FOLLOW US