News

POST TAGGED AS

ရန်ကုန်

အာဇာနည်ဗိမာန်ကို ယခင်နှစ်ထက် တစ်နာရီတိုး ဖွင့်မည်
ရန်ကုန်၊ ဇူလိုင် ၅

(၇၁) နှစ်ပြည့် အာဇာနည်နေ့အခမ်းအနားတွင် ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်သို့ အများပြည်သူ လာရောက်ဂါရဝပြုနိုင်ရန် မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။

ယခင်နှစ်က အာဇာနည်ဗိမာန်အတွင်းသို့ အများပြည်သူများ လာရောက်ဂါဝရပြုနိုင်ရန် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိသာ ဖွင့်လှစ်ပေးခဲ့ပြီး ယခုနှစ်တွင် တစ်နာရီတိုးကာ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ဒီနှစ်က ၁၂ ကနေ ၆ နာရီအထိ ဝင်ခွင့်ပေးမယ်။ မနှစ်ကလည်း ၁၂ နာရီလို့ ဆိုပေမယ့် ပန်းခွေချပြီးတာက ၁၁ နာရီ ၁၀ မိနစ် ပြီးတော့ ပြီးတဲ့အချိန်ကစ ဝင်ခွင့်ပေးလိုက်တယ်။ ဒီနှစ်လည်း ၁၂ နာရီဆိုပေမယ့် ပြီးတဲ့အချိန်က ၁၁ နာရီ ၁၀ မိနစ် သို့ ၁၁ ခွဲပြီးတာနဲ့ ဝင်ခွင့်ပေးမယ်”ဟု ဦးသန်းက ပြောဆိုသည်။

အာဇာနည်ဗိမာန်သို့ ဝင်ရောက် ဂါရဝပြုမည့် ပြည်သူများ၏လုံခြုံရေးကို ထိခိုက်စေနိုင်မည့် ပစ္စည်းတစ်စုံတစ်ရာ ယူဆောင်ခွင့်မပြုကြောင်းနှင့် လုံခြုံရေး အရ ရှာဖွေစစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အာဇာနည်ဗိမာန်အတွင်း ဝင်ရောက် ဂါရဝပြုမည့်သူများသည် ပန်းခွေ၊ ပန်းစည်း၊ ပန်းခြင်းအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူး အမျိုးမျိုး၊ အလံအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင်အသုံးပြုသည့် တုတ်၊ သံပိုက်နှင့်ကော်ပိုက်တို့ကို ယူဆောင်ခွင့်မပြုကြောင်း သိရသည်။

ထို့ပြင် ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် (၇၁) ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ပြတိုက်ကို သုံးရက်ဆက်တိုက် ဖွင့်ပေးထားမည်ဖြစ်ပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ အချိန်တိုးဖွင့်လှစ်သွားမည်ဖြစ်သည်။ 

J-10




FOLLOW US