News

POST TAGGED AS

ရန်ကုန်

ရုရှားအကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပထမဆုံး နည်းပညာသင်တန်းပေးမည်
ရန်ကုန်၊ မေ ၁

မြန်မာနိုင်ငံတွင် အကြမ်းဖက် တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် နည်းပညာနှင့် သင်တန်းများကို ရုရှားအကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာအဖွဲ့က ယခုနှစ်အတွင်း ပထမ ဆုံးသင်ကြားပေးရန် နှစ်ဖက် သဘောတူညီထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တချို့ အကြမ်းဖက်မှုဖြစ်စဉ်တွေကို ဘယ်လို ကြိုတင်ထောက်လှမ်းဖို့လိုလဲ။ နောက်ပြီးတော့ နည်းပညာပိုင်းဆိုင်ရာကို နားလည်တတ်ကျွမ်းဖို့လည်း အရေးကြီးတယ်။ ဒါတွေကို အသေးစိတ် ညှိနှိုင်းသင်တန်းပေးဖို့ စီစဉ်နေတယ်။ ရုရှားဘက်က ကျွမ်းကျင်အဆင့် ပုဂ္ဂိုလ်တွေ လာသင်ပေးမယ်”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လုံခြုံရေး ကွပ်ကဲမှုအဖွဲ့မှူးရုံးအောက်ရှိ ရဲတပ်ရင်းများ အပါအဝင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တို့ကို အဓိက သင်ကြားပေးမည်ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် အကြမ်းဖက် တိုက်ဖျက်ရေး နည်းပညာသင်တန်းကို တက်ရောက်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အောက်ရှိ ရဲတပ်ရင်းများ၌ စာရင်းကောက်ယူလျက်ရှိပြီး ပထမအဆင့် သင်တန်းတွင် အရာရှိအဆင့်နှင့် အခြားအဆင့် တပ်ဖွဲ့ဝင် စုစုပေါင်း ၁၀၀ ကျော် သင်တန်းပေးရန် လျာထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။

“အကြမ်းဖက်မှုမြောက်ဖို့ နောက်ကွယ်က လှုံ့ဆော်မှု၊ ထောက်ပံ့မှုတွေကို အဓိက ဖြတ်တောက်ရမယ်။ ဒါတွေကို အရင်ဆုံး လက်ဦးမှုယူပြီးတော့ တားဆီးနိုင်ဖို့ လိုအပ်တယ်။ တချို့ကိစ္စတွေက နည်းပညာပိုင်းအရ ထောက်လှမ်းရတာ ရှိတယ်”ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်အချို့၌ ပါဝင်လှုပ်ရှားခဲ့ဖူးသည့် ရဲဝန်ထမ်းဟောင်းတစ်ဦးကဆိုသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သတိထား စောင့်ကြည့်ရန်လိုအပ်သော ရခိုင်ပြည်နယ်၊ မောင်တောနှင့် ဘူးသီးတောင်ဒေသတွင် ယခင်နှစ် ဩဂုတ်လ၌ နယ်ခြားစောင့်ကင်းစခန်း ၃၀ ကျော်ကို ဘင်္ဂါလီ အကြမ်းဖက်သမားများက အင်အားသုံး၍ အလစ်အငိုက် တိုက်ခိုက်ခံခဲ့ရပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဖြေရှင်းမှုနည်းစနစ်များကို ရုရှားနိုင်ငံက သင်ကြားပေးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

မြန်မာနိုင်ငံသည် အကြမ်းဖက်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး အမှုဆောင် အရာရှိချုပ်ရုံး (UNCTED) ၏ သတ်မှတ်ပြဋ္ဌာန်းချက်များ၊ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနထံမှ သိရသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ကို ၂၀၁၄ ခုနှစ် ဇွန်လ ၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေတွင် အကြမ်းဖက်မှု ပြစ်မှုကျူးလွန်သူကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ အပြစ်ပေး အရေးယူနိုင်သည့်အပြင် အကြမ်းဖက်လေယာဉ်များ မိမိတို့နိုင်ငံပိုင်နက်အတွင်း ဆင်းသက်ခွင့် မပြုခြင်း၊ အကြမ်းဖက် တိုက်ခိုက်မှု အဖွဲ့အစည်းများ၏ သိမ်းဆည်းရမိသော ပစ္စည်းများကို ထုခွဲရောင်းချပြီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးရန်ပုံငွေသို့ ၁၀ ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်ဟု ဖော်ပြထားသည်။

J-17



FOLLOW US