News

POST TAGGED AS

ရန်ကုန်

လန်ဒန်မြို့တစ်ခွင် အကြမ်းဖက်မှုများကျူးလွန်ရန် ဗလီနှင့်ဘာသာရေး ကျောင်းများတွင် ကလေးများကို လေ့ကျင့်ပေးသူ အပြစ်ရှိကြောင်း တရားရုံးဆုံးဖြတ်


လန်ဒန်၊ မတ် ၃

IS အဖွဲ့ကို ထောက်ခံသော ဗြိတိန်နိုင်ငံသား အူမာဟက်သည် လန်ဒန်မြို့တစ်ဝန်းတွင် အကြမ်းဖက်ရန် ကလေးများကိုစုဆောင်းရန် ကြိုးပမ်းခဲ့ခြင်းအတွက် အပြစ်ရှိကြောင်းတရားရုံးက ဆုံးဖြတ်ခဲ့သည်ဟု DW သတင်းဌာနက ဖော်ပြသည်။

“ဟက်” သည် ကလေးများကို ခေါင်းဖြတ်သည့် ဗီဒီယိုများပြသပြီး ယင်းပုံစံအတိုင်း လိုက်လုပ်တတ်ရန် သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ 

အသက် ၂၅ နှစ်အရွယ်ရှိ အူမာဟက်သည် IS အဖွဲ့၏ ဖောက်ပြန်၊ အစွန်းရောက်သော အယူဝါဒများကို သဘောကျနှစ်သက်ခဲ့ပြီး ဗလီတစ်ခုနှင့် ပုဂ္ဂလိကဘာသာရေး ကျောင်းနှစ်ကျောင်းတွင် ကလေးငယ်များ အစွန်းရောက်ဝါဒ ကိန်းအောင်းလာစေရန် သင်ကြားပေးခဲ့သည်ဟု လန်ဒန် အိုးဘိုင်လီတရားရုံးက ကောက်ချက်ချခဲ့သည်။ 

လန်ဒန် အိုးဘိုင်လီတရားရုံးသည် အိုးဘိုင်လီလမ်းတွင် ရှိသောကြောင့် ယင်းအမည်ဖြင့် ထင်ရှားခြင်းဖြစ်ပြီး အင်္ဂလန်နှင့် ဝေလပြည်၏ ပြစ်မှုဆိုင်ရာ ဗဟိုတရားရုံးဖြစ်သည်။

ဘာသာရေးသင်ကြားရန် လိုအပ်သော ပညာအရည်အချင်းမရှိဘဲ အုပ်ချုပ်သူအဖြစ်သာ တာဝန်ယူရသော်လည်း အူမာဟက်သည် အစ္စလာမ်မစ်သင်ကြားရေး အမည်ခံပြီး ကလေးများကို IS စစ်သွေးကြွများဖြစ်လာစေရန် ကြိုးပမ်းခဲ့သည်ဟု ဆိုသည်။ 

ကလေးများကို ခေါင်းဖြတ်သည့် ဗီဒီယိုများအားပြသပြီး ယမန်နှစ်က ဝက်စ်မင်စတာတံတားတွင် အကြမ်းဖက်ခဲ့သည့်ပုံစံအတိုင်း လန်ဒန်တွင် ထပ်မံအကြမ်းဖက်မှု လုပ်ဆောင်ရန် သင်ကြားခဲ့သည်ဟု ဆိုသည်။

“သူ့အစီအစဉ်က လန်ဒန်တစ်လွှားမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ အများအပြားလုပ်ဆောင်ရာမှာ ကူညီပေးဖို့ ကလေးစစ်တပ် တစ်တပ်ဖန်တီးဖို့ပါ။ ၁၁ နှစ်ကနေ ၁၄ နှစ်အတွင်း အသုံးချရ လွယ်ကူတဲ့ ကလေးတွေကို အစွန်းရောက်အောင် သူကြိုးစားခဲ့တယ်၊ လုပ်လည်း လုပ်နိုင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်”ဟု မြို့တော်ရဲတပ်ဖွဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဌာန အကြီးအကဲ ဒင်းဟေဒွန်က ပြောကြားခဲ့သည်။

အူမာဟက်သည် လန်ဒန်ရှိ Big Ben နာရီစင်၊ ဟိသရိုးလေဆိပ်၊ ဝက်စ်ဖီးလ်ဒ် ရှော့ပင်းစင်တာတို့ကဲ့သို့သော အထင်ကရနေရာများကို အကြမ်းဖက်ရန် ပစ်မှတ်ထားခဲ့သည်ဟု ဆိုသည်။

ယမန်နှစ်က ကလေး ၁၁၀ ခန့်ကို သင်ကြားပေးနိုင်ခဲ့သည်ဟု ဆိုသည်။ ယင်းတို့အနက်မှ ၃၅ ဦးကို လူမှုကယ်ဆယ်ရေး ဝန်ဆောင်မှုဌာနများနှင့် အခြားအာဏာပိုင်များက ရေရှည်ဘေးကင်းရေး အစီအမံများဖြင့် ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သိရသည်။

ကလေးများမှာ ၎င်းတို့၏ မိဘများနှင့် အခြားဆရာများကို အူမာဟက်သင်ပေးသည့် အကြောင်းများပြောပြပါက ဗီဒီယိုဖိုင်များတွင် ပြထားသည့်အတိုင်း ခေါင်းဖြတ်ခံရမည်ကို ကြောက်ရွံ့နေကြသည်ဟု ဆိုသည်။ 

ဗြိတိန်အစိုးရ စစ်ဆေးရေးအဖွဲ့များက ထူးချွန်ကောင်းမွန်သည့် နေရာများဟု မှတ်ချက်ပေးထားသည့် အဆိုပါဗလီနှင့် စာသင်ကျောင်းနှစ်ခုတွင် သင်ခွင့်မရှိသော အူမာဟက်က ယင်းသို့ သင်ကြားပေးနေသည်ကို ခွင့်ပြုထားခဲ့သည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

“ဒီလူက သင်ခွင့်မရှိပါဘူး။ ဒေသခံ အသိုင်းအဝိုင်းမှာရော၊ အဖွဲ့အစည်းတွေမှာပါ ပြဿနာရှိနေပါတယ်”ဟု ဟေဒွန်က သုံးသပ်ခဲ့သည်။

တရားခွင်မှ ဆွဲထုတ်သွားချိန်တွင် အူမာဟက်ဟ “အာရေဗျကျွန်းဆွယ်မှာ IS ထူထောင်လာနိုင်တာကို ခင်ဗျားတို့ မြင်တွေ့ရမယ်။ ဥရောပနဲ့အမေရိကကိုပါ သက်ရောက်လိမ့်မယ်”ဟု အော်ဟစ်သွားခဲ့သည်။

အူမာဟက်ကို အားပေးကူညီသူ နှစ်ဦးကိုလည်း အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ၎င်းတို့ သုံးဦးမည်သည့် ပြစ်ဒဏ်များချမှတ်ခံရမည်ကို နောက်ရုံးချိန်းတွင် ဆုံးဖြတ်မည်ဖြစ်သည်။ 

F-03




FOLLOW US