POST TAGGED AS

ရန်ကုန်

နိုင်ငံရေးသိပ္ပံကျောင်းသား ဖမ်းဆီးခံရမှုနှင့် ဆက်စပ်၍ ရဲအရာရှိသုံးဦးကို ပြောင်းရွှေ့
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ 

ကျောက်တံတားမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် လမ်း (၄၀) ထောင့်တွင် ဇန်နဝါရီလ ၁၈ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က နိုင်ငံရေးသိပ္ပံကျောင်းသား ကိုသန်းတိုးအောင်ကို ဖမ်းဆီးစစ်ဆေးရာတွင် တာဝန်ရှိသည်ဟုဆိုသော ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်စိုး၊ ဒုတိယစခန်းမှူး ရဲအုပ်မျိုးသန့်နှင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ဇော်ဝင်းတို့ကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ ပြောင်းရွှေ့လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း ကိုသန်းတိုးအောင်က ၎င်း အသုံးပြုသော Facebook အကောင့်ပေါ်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့က ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ပြီး ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ၎င်းလွတ်မြောက်ရေးအတွက် ဖခင်ဖြစ်သူမှ ရဲအုပ်မျိုးသန့်နှင့် နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ဇော်ဝင်းတို့ကို ငွေတစ်သိန်းစီ ပေးခဲ့ရသည်ဟု ပြောကြားခဲ့သည်။ 

“စုံ/ခုံ စစ်ဆေးတာကတော့ မပြီးသေးဘူး၊ ဒါပေမဲ့ ပြဿနာဖြစ်ပြီဆိုတော့ ပြောင်းရွှေ့လိုက်တာ။ ဖြစ်တဲ့နေ့က ဒုစခန်းမှူးပဲရှိတယ်။ သူပဲတာဝန်ယူထားတဲ့နေ့၊ စခန်းမှူးဒုရဲမှူးတိုးမြို့က အဲဒီနေ့က ခွင့်ယူထားလိုက်လို့ သူကတော့ မပြောင်းရဘူး၊ ရဲကတော့ ပြဿနာဖြစ်ပြီဆိုရင် ပြောင်းရတာ ထုံးစံလိုဖြစ်နေပြီ”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သုံးသပ်ပြောကြားသည်။ 

သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည့် ကိစ္စနှင့်ပတ်သက်၍ ရဲအုပ်အောင်ဇော်ဝင်းကို ဆက်သွယ်မေးမြန်းရာ ငွေနှစ်သိန်းရယူခြင်း မရှိသည့်အပြင် ရိုက်နှက်ကန်ကျောက်ခြင်းလည်း မရှိကြောင်း၊ ရရှိသည့် ဒဏ်ရာများမှာ မည်သည့်အတွက်ကြောင့် ရရှိသည်ကိုမသိရဘဲ ရဲစခန်းသို့ခေါ်ဆောင်ရာတွင် ကိုသန်းတိုးအောင်က အသာတကြည်ခေါ်ဆောင်၍ မရသဖြင့် ဝိုင်းဝန်းဖမ်းချုပ်ကာ ယာဉ်ပေါ်သို့ ဆွဲတင်ခဲ့ရကြောင်း၊ ထိုသို့ရဲစခန်းရောက်ပြီးနောက် ကိုသန်းတိုးအောင်၏ ဖခင်ကို ဆက်သွယ်ခေါ်ယူမေးမြန်းရာ ၎င်း၏သားမှ တစ်ခါတစ်ရံ စိတ်လွတ်တတ်သည်ဟု ပြောဆိုပြီး တာဝန်ယူပါသည်ဟု ဝန်ခံကတိပြုလက်မှတ် ရေးထိုးသဖြင့် စစ်ဆေးတွေ့ရှိသည့် ပစ္စည်းများနှင့်အတူ ပြန်လည်အပ်နှံပေးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ 

ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးစစ်ဆေးခြင်းခံရသည့် ကိုသန်းတိုးအောင်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သုံးမြှောင်လမ်းတွင်နေထိုင်ပြီး SPS (Yangon School of Political Science) မှ ၂၀၁၆ ခုနှစ်တွင် ကျောင်းပြီးသူဖြစ်ကြောင်း၊ ဇန်နဝါရီလ ၁၈ ရက်နေ့က လမ်းမပေါ်တွင်ထိုင်ပြီး ဖုန်းသုံးနေစဉ် အရပ်ဝတ်အမျိုးသား ၆ ယောက်က “ခဏ စစ်ဆေးစရာရှိတယ်၊ ရပ်နေ” ပြောဆိုသဖြင့် မည်သူမည်ဝါမှန်းမသိရသဖြင့် ထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးရာ ယင်းအမျိုးသား ၆ ဦးက ပိတ်ဆို့လိုက်လံဖမ်းဆီးသဖြင့် အနီးအေးရှားပလာဇာ ဟိုတယ်အတွင်း ဝင်ပြေးရာ ယင်းဟိုတယ်ဝန်ထမ်းများက ဝိုင်းဝန်းဖမ်းချုပ်ကာ ရဲအရာရှိများ၏ လက်ထဲသို့ အပ်နှံပေးခဲ့ပြီး အဖြူရောင်ယာဉ်တစ်စီးဖြင့် ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရကြောင်း သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။ 

ပြောင်းရွှေ့သွားသည့် ရဲမှူးမြင့်စိုးနေရာကို တိုင်းဒေသကြီးအကူရဲတပ်ဖွဲ့မှ ရဲမှူးတင်ဝင်းကို အစားထိုးခန့်အပ်ခဲ့ပြီး ရဲအုပ်အောင်ဇော်ဝင်း၏နေရာတွင် ဒုရဲအုပ် နိုင်ဇော်လှကို အစားထိုးတာဝန်ယူစေခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

J-16



FOLLOW US