News

POST TAGGED AS

ရန်ကုန်

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် မိန်းမလျာများကို ဖမ်းဆီးပြီး ယောကျာ်းစင်စစ်ကဲ့သို့ ပြုမူနေထိုင်တတ်ရန် သင်ကြား


ဂျကာတာ၊ ဇန်နဝါရီ ၂၉

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် မိန်းမလျာ ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဆံပင်ရှည်များကို ညှပ်ပစ်ခဲ့ကာ ယောကျာ်းစင်စစ်ကဲ့သို့ ပြုမူနေထိုင်တတ်ရန် သင်ကြားပေးခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။

အာချေးပြည်နယ်ရှိ အလှပြင်ဆိုင်အများအပြားကို ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဝင်ရောက်စီးနင်းခဲ့ပြီး ထိုဆိုင်များတွင် အလုပ်လုပ်ကိုင်နေသော မိန်းမလျာများကို ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြသည်။

ယင်းမိန်းမလျာများကို ယောကျာ်းအဝတ်အစားများ ဝတ်ဆင်ခိုင်းပြီး သုံးရက်ကြာမျှ ထိန်းသိမ်းထားခဲ့သည်။

အင်ဒိုနီးရှားတွင် အာချေးသည် တင်းကျပ်သော အစ္စလာမ္မစ်ဥပဒေကျင့်သုံးသည့် တစ်ခုတည်းသောပြည်နယ်လည်း ဖြစ်သည်။

မိန်းမလျာများကို ဒေသခံများက တော်ကဝါရီယာဟုခေါ်ကြပြီး ယောကျာ်းနှင့်မိန်းမဆိုသော ဝေါဟာရများကို ပေါင်းစပ်ထားသည့် စကားလုံးဖြစ်သည်။

ဒေသရဲမှူး အာမက်အူတုံဆူရီယန်တာက “သူတို့ကို သုံးရက်လောက်ထိန်း သိမ်းပြီး နှစ်သိမ့်ဆွေးနွေးတာ၊ သင်ကြားပြသပေးတာတွေ လုပ်ဆောင်ပါတယ်။ အဲဒါက အလုပ်ဖြစ်ပါတယ်။ အခု တကယ့်ယောကျာ်းစင်စစ်တွေလို ပြုမူနေထိုင်နေကြပါပြီ”ဟု ဘီဘီစီသို့ တယ်လီဖုန်းဖြင့် ဖြေကြားသည်။

ယင်းသို့ ဖုန်းဖြင့်ဖြေကြားနေစဉ်တွင်ပင် ရဲမှူးက ဆူညံနေသော မိန်းမလျာများကို “မင်းတို့အခုထိ ဝါရီယာလုပ်နေကြတုန်းလား”ဟု အော်ငေါက်လိုက်သံကိုပါ ကြားခဲ့ရသည်ဟု ဆိုသည်။

မိန်းမလျာများမှာ ချက်ချင်း အသံတိတ်သွားခဲ့ပြီး ဖိအားဖြင့် အတင်းအကျပ် ကိုင်တွယ်လျက်ရှိကြောင်း ပေါ်လွင်နေခဲ့သည်။

မိန်းမလျာအသိုင်းအဝိုင်းသည် ရပ်ရွာအတွင်းရှိ ကလေးသူငယ်များအပေါ် မကောင်းသော လွှမ်းမိုးမှုမျိုးရှိနေသည်ဟု ဒေသနေ ရပ်ကွက်သူရပ်ကွက်သားများ၏ တိုင်ကြားချက်အရ “ကိုယ်ကျင့်သီလပျက်ပြားမှု တိုက်ဖျက်သည့်စစ်ဆင်ရေး”ဟု အမည်ပေးထားသော စီမံချက်ကို ဆောင်ရွက်ခဲ့သည်ဟု ရဲမှူးက ဆိုသည်။

အင်ဒိုနီးရှား လူ့အခွင့်အရေးကော်မရှင်ကမူ ယင်းကဲ့သို့ဝင်ရောက်ဖမ်းဆီးမှုကို ဝေဖန်ထားခဲ့ပြီး ရဲများသည် ဥပဒေဘောင်ကျော်ပြီး လူသားမဆန်စွာပြုမူခဲ့သည်ဟု ပြစ်တင်ခဲ့သည်။

အာချေးပြည်နယ်တွင် တင်းကျပ်သော အစ္စလာမ္မစ်ဥပဒေများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရထားသည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ရှိပြီဖြစ်ကာ မကြာသေးမီနှစ်များအတွင်း ပိုမိုတင်းကျပ်လာခဲ့သည်။

အာချေးတွင် မိန်းမလျာဖြစ်ရုံမျှဖြင့် တရားမဝင်ဟု မသတ်မှတ်သော်လည်း လိင်တူချင်းဆက်ဆံမှုကို တရားမဝင်ဟု သတ်မှတ်ထားပြီး ယမန်နှစ်ကအမျိုးသားနှစ်ဦးမှာ လိင်တူချစ်သူစုံတွဲဖြစ်သည်ဟု ဆိုကာ လူမြင်ကွင်းတွင် ကြိမ်ဒဏ်ပေးခံခဲ့ရသည်။

F-03



FOLLOW US