News

POST TAGGED AS

ရန်ကုန်

အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ဝိုင်းရိုက်နှက်သည့် သတင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ ထုတ်ပြန်
ရန်ကုန်၊ ဇန်နဝါရီ ၂၇

လူမှုကွန်ရက် စာမျက်နှာတစ်ခုဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် အမျိုးသားတစ်ဦးကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းရိုက်နှက်ခဲ့သည့် သတင်းမှာ ပျံ့နှံ့ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ယင်းဖြစ်စဉ်အမှန်ကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြပြီး လူထုအသိပေး ထုတ်ပြန်ခဲ့သည်။

Than Toe Aung အကောင့်တွင် ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ဝင်များက ဝိုင်းရိုက်နှက်ခဲ့သောကြောင့် ဒဏ်ရာများရရှိခဲ့သော အမျိုးသားတစ်ဦးက ၎င်း၏ ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ပြီးနောက် ရဲတပ်ဖွဲ့အပေါ် ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ရာတွင် ဇန်နဝါရီလ ၁၈ ရက် ည ၁၁ နာရီခွဲဝန်းကျင်က ၁၈.၁.၂၀၁၈ ရက်နေ့ တပ်ဖွဲ့ ယူနီဖောင်းများ ဝတ်ဆင်ထားသည့် နယ်ထိန်းအဖွဲ့က သက်သေနှစ်ဦးနှင့်အတူ ကျောက်တံတား မြို့နယ်အတွင်း လင်းယုန် (၁)စီမံချက်အရ လှည့်ကင်းဆောင်ရွက်နေချိန် ဗိုလ်ချုပ် လမ်းနှင့် လမ်း ၄၀ ထိပ် အမှောင်ရိပ်တွင် လူငယ်တစ်ဦးကို အိတ်တစ်လုံးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းစဉ် ယင်းလူငယ်က အစစ်ဆေးမခံဘဲ ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုကာ ဗိုလ်ချုပ်လမ်း ပလက်ဖောင်းအတိုင်း ထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။

ထွက်ပြေးသွားသည့် လူငယ်မှာ အနီးရှိ အေးရှားပလာဇာ ဟိုတယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သဖြင့် ဟိုတယ်မန်နေဂျာနှင့် လုံခြုံရေးဝန်ထမ်းများက ၎င်းကို ချုပ်ကိုင်ဖမ်းဆီးကာ လှည့်ကင်းအဖွဲ့ထံ အပ်နှံပေးခဲ့ပြီးနောက် ရဲစခန်းသို့ခေါ်ဆောင်၍ စစ်ဆေးမေးမြန်းခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ခြင်းမရှိဟု ဆိုသည်။

အဆိုပါလူငယ်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သုံးမြှောင်လမ်းတွင် နေထိုင်သော အသက် ၂၅ နှစ် သန်းတိုးအောင်ဖြစ်ပြီး ၎င်းလွယ်ထားသည့်အိတ်ထဲမှ ငွေကျပ် ၃၇၂၅၀၊ အားသွင်းကြိုးပါ Lock ကျနေသည့် iPhone 6+ တစ်လုံး၊ စာအုပ်သုံးအုပ်၊ CB Bank ကတ်၊ ယာဉ်မောင်းလိုင်စင်တစ်ခုနှင့် လက်ပတ်နာရီတစ်လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက သန်းတိုးအောင်၏ မိဘများထံ ဖုန်းဖြင့် ဆက်သွယ်ပေးခဲ့ရာ နံနက် ၂ နာရီခွဲတွင် ၎င်းဖခင်ဖြစ်သူ ရောက်ရှိလာပြီး သားဖြစ်သူမှာ တစ်ခါတစ်ရံ စိတ်လွတ်တတ်သူဖြစ်ကြောင်းနှင့် အုပ်ထိန်းသူမှ တာဝန်ခံ၍ ရဲစခန်းမှတ်တမ်းတွင် ဝန်ခံကတိပြုလက်မှတ် ရေးထိုးစေပြီး အရေးမယူဘဲ ပြန်လွှတ်ပေးခဲ့ကြောင်း အသိပေးထုတ်ပြန်ချက်တွင် ပါရှိခဲ့သည်။

သို့သော် ရဲတပ်ဖွဲ့၏ ဖြစ်ရပ်မှန်ထုတ်ပြန်ချက်တွင် ကိုသန်းတိုးအောင် ရရှိထားသည့် ဒဏ်ရာများနှင့် ပတ်သက်၍ ဖြေရှင်းချက်၊ အခင်းဖြစ်ညက ကိုသန်းတိုးအောင်ကို ဖမ်းမိခဲ့သည့် အေးရှားပလာဇာဟိုတယ်မှ တပ်ဆင်ထားသည့် CCTV မှတ်တမ်းဓာတ်ပုံတို့ကိုမူ တစ်စုံတစ်ရာ ဖော်ပြထားခြင်းမရှိသောကြောင့် ယင်းအသိပေးထုတ်ပြန်ချက်အပေါ် လူထုမှ ကျေနပ်အားရမှုမရှိကြောင်း ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။

S-03



FOLLOW US