News

POST TAGGED AS

ရန်ကုန်

ကျေးလက်တံတားတစ်စင်း အရည်အသွေးမမီ၍ ပြန်ပြင်ရန် ညွှန်ကြား


ကလေး၊ ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း လက်ရှိတည်ဆောက်နေသည့် ကျေးလက်လမ်းတံတားတစ်စင်းမှာ အရည်အသွေးမပြည့်မီသည့်အတွက် ပြန်လည်ပြုပြင်ရန် ကုမ္ပဏီကို ညွှန်ကြားထားကြောင်း ဟုမ္မလင်းမြို့၊ လမ်းဦးစီးဌာနထံမှ သိရသည်။ 

“အရည်​အ​သွေးစံချိန်စံညွှန်း ပြည့်မီအောင် လုပ်ပေးပါဆိုပြီး ပြောထားတယ်။ အရည်အသွေးမီတဲ့ အုတ်တွေကို ပြန်လည်အသုံးပြုပါလို့ ခိုင်းလိုက်တယ်။ အရည်အသွေးမပြည့်မီရင် အရည်အသွေးစစ်အဖွဲ့အနေနဲ့ ဒီဟာကို သဘောတူလက်ခံမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်”ဟု အဆိုပါ ဌာနတာဝန်ရှိသူတစ်ဦးက ဆိုသည်။ 

ဟုမ္မလင်းမြို့နယ် တောင်ကင်း ကျေးရွာအုပ်စု အော်သော်ကျေးရွာနှင့် ဂွေ့ကြီးကျေးရွာအကြား ဆက်သွယ်ထားသည့်လမ်းတွင် ယခုနှစ်မှစ၍ တံတားငါးစင်း တည်ဆောက်နေခြင်းဖြစ်ပြီး လေးစင်းသည် မြေကျင်းသာတူးထားရသေးကြောင်း၊ ကျန်တံတားတစ်စင်းမှာ အုတ်မြစ်ချနေပြီဖြစ်ကာ အသုံးပြုထားသည့်အုတ်များသည် ဘိလပ်မြေနည်း၍ အရည်အသွေးမပြည့်မီသည်ကို ဇန်နဝါရီလ ၂၁ ရက်နေ့က စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောကြားသည်။

၂၀၁၇ - ၂၀၁၈ ဘတ်ဂျက်ဖြင့် တည်ဆောက်နေသည့် အဆိုပါတံတားသည် အလျား ၁၃ ပေ အနံ ၁၄ ပေခန့်ရှိပြီး ကုမ္ပဏီဆိုင်းဘုတ် တပ်ဆင်ထားခြင်းမရှိခြင်း၊ ဘတ်ဂျက်မည်မျှအသုံးပြုမည်ကို မသိရှိရခြင်းနှင့် အရည်အသွေးမပြည့်မီသည့် ပစ္စည်းများနှင့် တည်ဆောက်နေသည့်အပေါ် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူများအနေနှင့် စစ်ဆေးပေးရန် အကြောင်းကြားထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

R-20



FOLLOW US