News

POST TAGGED AS

ရန်ကုန်

08-Sep-2016

ရန်ကုန်
မုန့်ဖတ်များတွင် ဓာတုဆေးဝါး ကင်းစေရန် စီမံချက်ဖြင့် ဆောင်ရွက်မည်
ရန်ကုန်၊ စက်တင်ဘာ ၈

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက ဦးဆောင်၍ မုန့်ဟင်းခါး၊ ခေါက်ဆွဲဖတ်များတွင် ဓာတုဆေးဝါး အန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများကို စီမံချက်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ 

"ရန်ကုန်တိုင်းထဲက အသင်းအဖွဲ့တွေ ရှိတဲ့နေရာတိုင်းမှာ စီမံချက်နဲ့ သုံးမြို့နယ်တစ်စုစီ လုပ်မှာပါ။ သုံးမြို့နယ်ကို တစ်ရက်စီ မုန့်ဖတ် လုပ်ငန်းရှင်တွေနဲ့တွေ့ပြီး  ဓာတုဆေး ကင်းရှင်းရေးလုပ်ငန်း ဆောင်ရွက်မှာပါ" ဟု ယင်းအသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောကြားသည်။ 

စားသုံးသူ ကာကွယ်ရေးအသင်း၊ စည်ပင်သာယာရေး ကော်မတီ၊ သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ စီမံချက် ကနဦးအဖြစ် စက်တင်ဘာလ ၉ ရက်နေ့တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တို့မှ မုန့်ဖတ်လုပ်ငန်းရှင်များကို ခေါ်ယူတွေ့ဆုံပြီး မုန့်ဟင်းခါးဖတ်၊ နန်းကြီးဖတ်၊ ညှပ်ခေါက်ဆွဲနှင့် ခေါက်ဆွဲများတွင် စားသုံးသူများကို အန္တရာယ်ဖြစ်စေသည့် ဖော်မလင်၊ ဘင်ဇိုင်း၊ ဟိုက်ဒရိုစသည့် ဓာတုဆေးဝါးများ ကင်းစေရန် ပညာပေးခြင်းနှင့် အသိပေးခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ယင်းမြို့နယ်သုံးခုရှိ မုန့်ဖတ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရန် လိုက်လံ ဖိတ်ကြားထားပြီး အဆိုပါ မြို့နယ်များတွင် မုန့်ဖတ်လုပ်ငန်းရှင်ပေါင်း ၂၀ ခန့်ရှိကာ တောင်ဥက္ကလာပ၊ ရန်ကင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ရှိ မုန့်ဖတ်လုပ်ငန်းရှင်များနှင့်လည်း ထပ်မံ တွေ့ဆုံမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မုန့်ဖတ်လုပ်ငန်းရှင်များကို သုံးမြို့နယ်တစ်စု အလိုက်ခွဲ၍ တွေ့ဆုံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းထံမှ သိရသည်။

  • VIA


FOLLOW US