News

POST TAGGED AS

ရန်ကုန်

05-Sep-2016

ရန်ကုန်
ယာဉ်ကြောရှင်းလင်း ဖမ်းဆီးရေး ရက်အကန့်အသတ်မရှိ လုပ်မည်
ရန်ကုန်မြို့တွင်း စည်းကမ်းဖောက်ယာဉ်များ ရက်အကန့်အသတ်မရှိ ယာဉ်ကြောရှင်းလင်း ဖမ်းဆီးရေး စီမံချက်ချပြီး ဌာနကိုးခု ပူးပေါင်း ပြုလုပ်မည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

"အာဏာပိုင်အဖွဲ့နဲ့အခုလို ပူးပေါင်းဆောင်ရွက်တာ ပထမဆုံးအကြိမ်ပဲ။တစ်ရက်တာ ဖမ်းဆီးရမှုတွေကို တရားရုံးကို တင်ပြမယ်။ မလုပ်လို့ မဖြစ်တော့တဲ့အတွက် ထိရောက်စွာ အရေးယူမယ်"ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံး ဒုရဲမှူးကြီး အောင်ကိုဦးက ဆိုသည်။

စက်တင်ဘာ ၁ ရက်မှစပြီး စီမံချက်ရက် သတ်မှတ်ခဲ့ပြီး ယာဉ်ကြောရှင်းလင်း ဖမ်းဆီးရေးလုပ်ငန်းကို ပြည်သူ လိုက်နာမှုရှိမှသာ ရပ်မည်ဖြစ်ကြောင်း၊ စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းသည် ပြည်သူကိုယ်တိုင် ပူးပေါင်းပါဝင်မှ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

"အဓိက လမ်းမကြီး ၁၁ လမ်းကို စစ်ဆေးဖမ်းဆီးမှာ ဖြစ်တယ်။ ရှိတဲ့လူ အင်အားနဲ့ နှစ်လမ်း၊ သုံးလမ်းလောက်ကိုပဲ စစ်ဆေးတာပါ။ အဲနေရာက ပြည်သူတွေ လိုက်နာမှု မရှိသေးဘူးဆိုရင် စစ်ဆေးရေးအဖွဲ့ကို ဆက်ပြီးထားမယ်"ဟု ၎င်းက ဆိုသည်။

စည်းကမ်းဖောက်သည့် ယာဉ်များကို ယာဉ်ကြောရှင်းလင်း ဖမ်းဆီးမည့်နေရာမှာ ပြည်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ အောက်မင်္ဂလာဒုံလမ်း၊ ဝေဇယန္တာလမ်း၊ ရွှေဂုံတိုင်လမ်း၊ အင်းစိန်လမ်း၊ အထက်ပုဇွန်တောင်လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ လှည်းတန်းလမ်းတို့ ဖြစ်သည်။

ယာဉ်ကြောရှင်းလင်း ဖမ်းဆီးရေးကို ပူးပေါင်းဆောင်ရွက်မည့်ဌာနများမှာ ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု(ဗဟို)ကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ စည်ပင်သာယာရေးကော်မတီ၊ က.ည.န၊ လုပ်ငန်း လိုင်စင် သယ်ယူပို့ဆောင်ရေး ကြီးကြပ်
ညှိနှိုင်းမှုဌာန၊ နယ်မြေခံ အုပ်ချုပ်သူအဖွဲ့၊နယ်မြေခံ ရဲတပ်ဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့တို့ဖြစ်ပြီး တစ်ဖွဲ့လျှင် နှစ်ဦးပါဝင်မည် ဖြစ်ကာ ၃၂ ဦးဖြင့် စစ်ဆေးသွားမည်ဖြစ်သည်။

"ပထမအနေနှင့် ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းကို အရင်စစ်ဆေးနေတယ်။ ယာဉ်ကြောပိတ်ဆို့တဲ့နေရာကို ကြည့်ပြီး နေရာပြောင်းရွှေ့သွားမယ်"ဟု ဦးအောင်ကိုဦးက ဆိုသည်။

လမ်းကြောင်း ပြောင်းပြန်မောင်း နှင်ခြင်း၊ အရှိန်ပြင်းစွာမောင်းနှင်ခြင်း၊ ယာဉ်မရပ်ရသည့်နေရာတွင် ရပ်ခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်းများကို စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၊ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။

စည်းကမ်းဖောက်သည့် မော်တော်ယာဉ်များကို ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေဖြင့် အရေးယူမည်ဖြစ်ပြီး ပြစ်ဒဏ်အနေနှင့် ကျပ်သုံးသောင်းမှ ကျပ်သိန်း ၅၀ ထက်မပိုသော ဒဏ်ငွေနှင့် တစ်လမှ ခြောက်လထက် မပိုသော ထောင်ဒဏ်တို့ ချမှတ်မည်ဖြစ်သည်။ 

  • VIA


FOLLOW US