News

POST TAGGED AS

ရန်ကုန်

29-Aug-2016

ရန်ကုန်
အများပိုင်ဘတ်စ်ကားကုမ္ပဏီဖွဲ့စည်းရေး မထသနှင့် ယာဉ်လိုင်းအချို့ ပူးပေါင်းမှု အားနည်းဟုဆို
ရန်ကုန်၊ သြဂုတ် ၂၈

အများပိုင် ဘတ်စ်ကားကုမ္ပဏီ ဖွဲ့စည်းခြင်းကို မေလက စတင် ဆောင်ရွက်ခဲ့သော်လည်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု (ဗဟို) ကော်မတီနှင့် ယာဉ်လိုင်းပိုင်ရှင်အချို့သည် ပူးပေါင်းပါဝင်မှု အားနည်းပြီး အချိန် ကြန့်ကြာမှုများ ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။

"ပူးပေါင်းပါဝင်မှု အားနည်းတဲ့အတွက် တစ်ဦးချင်းပိုင်တွေ စုလို့မရဘူး။ ဒါကြောင့် ခေါ်ပြီး သတိပေးလိုက်တယ်။ သူတို့ကို ဦးစားပေးတယ်။ တကယ်လို့ ဖွဲ့လို့ မရဘူးဆိုရင် အစီအစဉ်အတိုင်း လုပ်မယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အများ ပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆိုသည်။

လက်ရှိအချိန်တွင် အများပိုင်ကုမ္ပဏီ ဖွဲ့စည်းခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်း၊ အရေးယူခြင်းနှင့် ပြေးဆွဲမှု စနစ်သစ်များ ပြောင်းလဲခြင်းကို ဆောင်ရွက်ရန် စီစဉ်နေပြီး အဆိုပါ လုပ်ငန်းစဉ်များကို တစ်ပြိုင်နက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်များ အကောင်အထည် ပေါ်ပါက မထသ(ဗဟို)ကော်မတီမှာ အလိုအလျောက် ပျက်ပြယ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။"လက်ရှိပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်တွေကို နယ်ရောင်းချခွင့် ပြုခဲ့ပေမယ့်လည်း ဝယ်ယူသူ မရှိဘူးလို့ ပြောတယ်။ ပြဿနာတစ်ခုပြီး တစ်ခုဖြစ်နေတယ်။ သူတို့ကြောင့် အလုပ်တွေ နှောင့်နှေးသွားလို့မရဘူး" ဟု ၎င်းက ဆိုသည်။

သြဂုတ်လကုန်အထိသာ အများပိုင် ဘတ်စ်ကားကုမ္ပဏီဖွဲ့ရန် လျှောက်လွှာများ လက်ခံမည်ဖြစ်ပြီး သတ်မှတ်ရက် ကျော်လွန်မှ လျှောက်လွှာတင်သူများကို လက်ခံမည်မဟုတ်ဘဲ ဖွဲ့စည်းထားပြီးဖြစ်သည့် ကုမ္ပဏီများထံ ရှယ်ယာရှင်အဖြစ်သာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အများပိုင် ဘတ်စ်ကားကုမ္ပဏီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး ဖွဲ့စည်းလိုသည့် ယာဉ်လိုင်းနှင့် မဖွဲ့စည်းလိုသည့် ယာဉ်လိုင်းစာရင်းကို အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံ တင်ပြထားပြီးဖြစ်ကြောင်း၊ ပူးပေါင်းပါဝင်မှု အားနည်းသည်ဟု ဆိုခြင်းမှာ မည်သည့်အကြောင်းအရာကို ပြောဆိုသည်ကို အတိကျမသိရှိ၍ အဆိုပါကိစ္စ မေးမြန်းမှုကို မဖြေကြားလိုကြောင်း မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု(ဗဟို)ကော်မတီဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

အများပိုင် ဘတ်စ်ကားကုမ္ပဏီစနစ် ပြောင်းလဲရာတွင် ယာဉ်လိုင်းများကို သြဂုတ်လ ၃၁ ရက် နောက်ဆုံးထား၍ လျှောက်လွှာပေးဖို့ရန် အကြောင်းကြား စာပေးပို့ထားပြီး လက်ရှိတွင် အများပိုင် ကုမ္ပဏီဖွဲ့ရန် ယာဉ်လိုင်းအဖွဲ့ ခုနစ်ဖွဲ့နှင့် အသင်းငါးသင်းတို့က လျှောက်လွှာတင်ထားကြောင်း၊ အာဏာပိုင်အဖွဲ့က ပေးအပ်သည့် တာဝန်ကို တတ်နိုင်သမျှ ပူးပေါင်း ပါဝင်နေကြောင်း ၎င်းက ပြောကြားသည်။

  • VIA


FOLLOW US