News

POST TAGGED AS

ရန်ကုန်မြို့သစ်

ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီတွင် လခမယူဘဲ ငါးနှစ် အလကားလုပ်ပေးမည်ဟု ဦးသိမ်းဝေဆို
ရန်ကုန်၊ ဇွန် ၂၃

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီ လီမိတက် (NYDC) မှ ဒုဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Serge Pun (ခ) ဦးသိမ်းဝေက NYDC ကုမ္ပဏီတွင် ငါးနှစ် အလုပ်လုပ်ပေးမည်ဖြစ်ပြီး ယင်းလုပ်ကိုင်သည့် နှစ်အတွင်းတွင် လခမယူဘဲ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ်စီမံကိန်းနှင့်ပတ်သက်၍ ပထမဦးဆုံး ဆွေးနွေးပွဲ (Town Hall) ပွဲတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်၍ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် (NYDC) မှ ပထမဦးဆုံး ဆွေးနွေးပွဲ (Town Hall) ကို ဇွန်လ ၂၃ ရက် နံနက် ၉ နာရီတွင် UMFCCI ၌ ကျင်းပပြုလုပ်ခဲ့သည်။

“ကျွန်တော်လခမယူဘူး။ လခပေးလို့ရှိရင် ဝန်လေးတယ်။ ရချင်သလောက်လည်း ပေးမှာမဟုတ်ဘူး။ ပေးသလောက်လည်း မယူချင်ဘူး။ မယူတာအကောင်းဆုံးပဲ။ ကျွန်တော့်လက်အောက်မှာရှိတဲ့ ကုမ္ပဏီအနေနဲ့လည်း ရန်ကုန်မြို့သစ်မှာ လုံးဝ စီးပွားရေးလာမလုပ်ဘူးဆိုတာ ကတိပေးပါတယ်”ဟု ၎င်းက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

မြို့သစ်တွင်လုပ်ဆောင်မည့် အများနှင့်သက်ဆိုင်သည့် ဆောက်လုပ်ရေးလုပ်ငန်းများအားလုံး ပွင့်လင်းမြင်သာမှု၊ တာဝန်သိမှုနှင့် စွမ်းဆောင်ရည်ရှိမှုတို့ဖြင့် ပြည့်စုံရန်လိုအပ်ပြီး ယင်းအတွက် လုပ်ငန်းများလုပ်ဆောင်ရာတွင် မျှတသည့်ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုရှိစေရန် ကမ္ဘာအနှံ့တွင် ကျင့်သုံးနေသည့် Swiss Challenge နည်းနိဿယကို လက်ခံ ကျင့်သုံးမှာဖြစ်ကြောင်း ယင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ပထမဦးဆုံး ကျင်းပပြုလုပ်သော ရန်ကုန်မြို့သစ်စီမံကိန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပွဲ (Town Hall) တွင် ဦးသိမ်းဝေ @ Serge Pun (Vice Chairman and CEO, NYDC Co., Ltd.)၊ ဦးခိုင်ဝင်း (Founder and Director, Sandhi Governance Institute)၊ ဦးရဲမြတ်သူ (MCDC, Founder/Managing Director - Alpha Mandalay Co., Ltd.)၊ ဦးဇေယျသူ (Managing Director/ Deputy Chief Editor, The Voice Journal) နှင့် Moderator အဖြစ် ဦးအောင်ချစ်ခင် (Founder and Managing Director, Strategy First Institute) တို့မှ ပါဝင်ဆွေးနွေးခဲ့ကြပြီး အခြားပညာရှင်များနှင့် ပြည်သူများလည်း တက်ရောက်ခဲ့ကြသည်။

ရန်ကုန်မြစ်အနောက်ဘက်ကမ်းရှိ မြေဧကနှစ်သောင်းကျော်တွင် တည်ဆောက်မည့် ရန်ကုန်မြို့သစ်စီမံကိန်းမှ အလုပ်အကိုင်ပေါင်း ၂ သန်းကို ဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ်ထားပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ဖွဲ့စည်းထူထောင်ကြောင်း မတ်လ ၃၁ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

ရန်ကုန်မြစ်အနောက်ဘက်ကမ်းရှိ မြေပေါ်တွင် တည်ဆောက်မည့် အနောက်တောင်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် တွံတေးမြို့နယ်ရှိ လယ်မြေဧက နှစ်သောင်းကျော်တွင် စီမံကိန်းကို ပြုလုပ်မည်ဖြစ်သည်။  

J-10



FOLLOW US