News

POST TAGGED AS

ရန်ကုန်မြို့သစ်

ရန်ကုန်မြို့အတွက် မြစ်ရေတင်စီမံကိန်းများမှ ရေထုတ်ယူရန် စီစဉ်
ရန်ကုန်၊ ဇွန် ၁၉

ရန်ကုန်မြို့တွင်၂၀၁၈ ခုနှစ်အထိ လူဦးရေ ခုနှစ်သန်းကျော်ရှိပြီး အိမ်ထောင်စု ကိုးသိန်းခန့်မှာ မြေအောက်ရေကို အဓိကသုံးစွဲခြင်းကြောင့် ရေအရည်အသွေး ကျဆင်းလာသည့်အတွက် မြစ်ရေတင်စီမံကိန်းများမှ ရေအရင်းအမြစ် အစားထိုးထုတ်ယူရန် စီစဉ်နေကြောင်း အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီမှ ရေအရင်းအမြစ် ထိန်းသိမ်းရေးပညာရှင် ဒေါက်တာခင်နီနီသိန်းက ပြောကြားသည်။

“မြေအောက်ရေ အလွန်အမင်း ထုတ်ယူသုံးစွဲတော့ မြေကျွံတဲ့ပြဿနာ ရှိလာနိုင်တယ်။ မိုးရေက ရေချိုရင်းမြစ် ပြန်ရတာနည်းတယ်။ နေရာတိုင်း ကွန်ကရစ်လမ်းတွေ ခင်းထားတော့ မြေဆီလွှာထဲကို ရေစိမ့်မဝင်နိုင်တော့ဘူး။ အနာဂတ်အတွက် ဒါတွေ ကြိုစဉ်းစားရတာပေါ့”ဟု ၎င်းက ရှင်းပြသည်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ထောင်စုပေါင်း ၁,၅၈၂,၉၄၄ စုအနက် အိမ်ထောင်စု ၈၀၉,၁၂၀ မှာ သုံးရေအတွက် အဝီစိတွင်းရေကို အသုံးပြုနေရပြီး လက်ရှိတွင် ရန်ကုန်မြို့ရှိ အဝီစိရေတွင်းများမှရရှိသော ရေမှာ အရည်အသွေးကျဆင်းလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ထို့ကြောင့် မြေအောက်ရေ ထုတ်ယူသုံးစွဲသည့် ရန်ကုန်မြို့တွင်း မြို့နယ်များရှိ အဝီစိတွင်း ၁၀၀ ကျော်ကို ပိတ်သိမ်း၍ ကုက္ကိုဝမြစ်ရေတင်စီမံကိန်းမှ ရေအစားထိုး ဖြန့်ဖြူးပေးရန် စီစဉ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဒုတိယဌာနမှူး ဦးမျိုးသိန်းက ဖေဖော်ဝါရီ ၂၈ ရက်တွင် The Voice Daily သို့ ပြောကြားထားသည်။

“ရေရှည်မှာ ရန်ကုန်မြို့က ဖွံ့ဖြိုးလာဦးမယ်။ တိုးတက်လာမယ့် လူဦးရေနဲ့ အခြားစက်ရုံအလုပ်ရုံအတွက် ရေချိုရင်းမြစ်တွေ ကျွန်တော်တို့ ကြိုတင်ရှာဖွေနေရတဲ့ ကဏ္ဍရှိပါတယ်။ မြစ်ရေတင်စီမံကိန်းတွေ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီ၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၄၀ ခုနှစ်တွင် ရန်ကုန်မြို့၌ လူဦးရေ ၁၀ သန်းခန့် ရှိလာနိုင်ပြီး ရေလိုအပ်ချက် ဂါလန် သန်း ၅၂၀ ရှိလာနိုင်ကြောင်း အဆိုပါကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။

ရေအရင်းအမြစ်ကော်မတီမှ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ၏ အကူအညီဖြင့် ၂၀၄၀ ခုနှစ် ရန်ကုန်မြို့၏ ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် မြေအောက်ရေ မဟုတ်သည့် ရေအရင်းအမြစ်များကို သိုလှောင်ထားရှိနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

လက်ရှိတွင် ရေလှောင်ကန် သုံးခုအပြင် ငမိုးရိပ်ရေလှောင်ကန်မှ ဂါလန် ၉၀ သန်း မှ ၁၃၅ သန်းအထိ တိုးချဲ့မည်ဖြစ်ပြီး ကုက္ကိုဝမြစ်မှ ရေဂါလန် ၁၂၀ သန်း၊ တိုးမြစ်မှ ရေဂါလန် သန်း ၆၀၊ ပန်းလှိုင်မြစ်မှ ရေဂါလန် သန်း ၆၀၊ လောင်းပြင်မှ ရေဂါလန် ၄၀ သန်း ရရှိနိုင်မည့် စီမံကိန်းများဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

၂၀၁၆ ခုနှစ် စာရင်းအရ ဂျိုးဖြူ ရေလှောင်ကန်မှ ရေဂါလန် ၂၇ သန်း၊ ဖူးကြီးရေလှောင်ကန်မှ ရေဂါလန် ၅၄ သန်း၊ လှော်ကားရေလှောင်ကန်မှ ရေဂါလန် ၁၄ သန်း၊ ငမိုးရိပ်ရေလှောင်ကန်မှ ရေဂါလန် ၉၀ သန်း၊ မြေအောက်ရေမှ ရေဂါလန် ၈ သန်း၊ စုစုပေါင်း ရေဂါလန် ၁၉၃ သန်းကို ရန်ကုန်မြို့သို့ ဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။  

J-17



FOLLOW US