News

POST TAGGED AS

ရန်ကုန်ဆေးရုံကြီး

ကယ်လီဖိုးနီးယားပြည်နယ် အကြီးမားဆုံးတောမီးလောင်မှုတွင် ထောင်ပေါင်းများစွာကို ကယ်ထုတ်ခဲ့ရ


ဝါရှင်တန်၊ ဩဂုတ် ၅

ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆယ်စုတစ်စုအတွင်း အကြီးမားဆုံး တောမီးလောင်မှုတွင် ပြင်းထန်သောလေကို အံတုကာ ငြှိမ်းသတ်နေကြသော မီးသတ်သမားများက တောင်ပေါ်နေဒေသခံ ထောင်ပေါင်းများစွာကို မီးလမ်းကြောင်းပေါ်မှ ကယ်ထုတ်ခဲ့ရသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ဆန်ဖရန်စ္စကို မြောက်ဘက် ၁၅၀ ကီလိုမီတာအကွာရှိ မင်ဒိုဆီနိုတွင် သောကြာနေ့က ၁၅၃,၇၃၈ ဧကအထိလောင်ကျွမ်းကာ အဆောက်အအုံ ၈၈ လုံးကိုဖျက်ဆီးခဲ့သော တောမီးလောင်ကျွမ်းမှုတွင် ဒေသခံ အိမ်ရှင် ၁၆,၀၀၀ ခန့်ကို မီးဘေးမှလွတ်အောင် ကယ်ထုတ်ဖယ်ရှားခဲ့ရသည်ဟု ကယ်လီဖိုးနီးယားမီးသတ်ဌာနက ပြောကြားသည်။

၂၀၁၁-၂၀၁၇ မိုးခေါင်မှုကြောင့် ခြောက်သွေ့နေသောသစ်တောများကို လောင်ကျွမ်းဝါးမြိုနေသည့် မီးလောင်မှုဖြစ်စဉ် ၁၇ ခုအနက် ထိခိုက်ပျက်စီးမှုကြီးမားသည့် ကားရ်တောမီးထက် ယခု တောမီးက အရွယ်ပမာဏပိုကြီးသည်။

ကားရ်တောမီးသည် ဇွန်လ ၂၆ ရက် က တစ်နာရီလျှင် ၂၃၀ ကီလိုမီတာကျော်သော လေတိုက်နှုန်းကြောင့် မီးလေပွေများ ဖြစ်ပေါ်ကာ သစ်ပင်များအမြစ်မှ ကျွတ်ထွက်ခြင်း၊ ဓာတ်အားလိုင်းတိုင်များ လဲကျခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သည်ဟု အမျိုးသား မိုးလေဝသဌာနက ထုတ်ပြန်သည်။

ထို့ပြင် ဖာရင်ဟိုက် ၁၀၀ ကျော်သော အပူချိန်ကြောင့် ၂၀၀၈ ခုနှစ်နောက်ပိုင်း ကယ်လီဖိုးနီးယားတွင် ထိခိုက်ပျက်စီးမှုအများဆုံး တောမီးလောင်ကျွမ်းမှုဒဏ်ကို ခံရသည့်အခြေအနေသို့ ဆိုက်ရောက်သွားစေသည်ဟု မီးသတ်ဌာနလက်ထောက် အကြီးအကဲ စကော့မက္ကလန်းက ပြောကြားသည်။

“ဒီတောမီးတွေက ခန့်မှန်းလို့ မရတဲ့အပြင် အလွန်အမင်း အန္တရာယ်ကြီးတယ်။ တကယ့် လူသတ်သမားတွေပဲ” ဟု ၎င်းက ဆိုသည်။

ယခုနှစ်အတွင်းကယ်လီဖိုးနီးယား ပြည်နယ်တွင် မီးသတ်သမားလေးဦးအထိ သေဆုံးခဲ့ရသည်။ သေဆုံးသူများအနက် ဘူဒိုဇာမြေထိုးစက်မောင်းသူတစ်ဦးပါဝင်ပြီး ၎င်း၏ မြေထိုးစက်သည် ယိုဆီမိုက် သစ်တောဥယျာဉ်အနီးတွင် ဖြစ်ပွားသော ဖာဂူဆန်တောမီးတွင် တောင်စောင်းမှ ချောက်ထဲသို့ လိမ့်ကျသွားခဲ့ခြင်းဖြစ်သည်ဟု ကယ်လီဖိုးနီးယား မီးသတ်ဌာနအစီရင်ခံစာက ဖော်ပြထားပြီး ဘေးအန္တရာယ်အကဲဖြတ်မှု ပိုမိုလုပ်ဆောင်ကြရန် မီးသတ်သမားများအား တိုက်တွန်းထားသည်။

လတ်တလောတွင် လေတိုက်နှုန်းပျော့သွားသောကြောင့် မီးသတ်သမားများက အသေးစားတောမီးများကို ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း သီတင်းပတ်ကုန်တွင် လေတိုက်နှုန်းမြင့်လာကာ မီးလောင်မှုပိုကြီးလာနိုင်သည့် အလံနီအဆင့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

ကယ်လီဖိုးနီးယားပြည်နယ်သို့ အခြားပြည်နယ် ၁၆ ခုမှ မီးသတ်သမားများ ရောက်ရှိနေကြပြီး မင်ဒိုဆီနိုတောမီးတွင် ဒေသခံ ၃၂၃၂ ဦးကိုအာဏာပိုင်များက အတင်းအကျပ် ဖယ်ရှားခဲ့ရသည်။

ကယ်လီဖိုးနီးယားတွင် ဆဋ္ဌမမြောက် ပျက်စီးမှုအများဆုံး ကားရ်တောမီးကိုမူ ၃၉ ရာခိုင်နှုန်း ထိန်းချုပ်နိုင်ပြီဖြစ်ပြီး နောက်တစ်ကြိမ် ပြန်မတက်လာစေရန်အတွက် မီးသတ်သမားများက မီးတားလိုင်းများကို တိုးချဲ့လျက်ရှိသည်။

F-04



FOLLOW US