News

POST TAGGED AS

ရန်ကုန်တက္ကသိုလ်

ရန်ကုန်တက္ကသိုလ်တွင် ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂရုံးခန်းများ ဆောက်ပေးမည်
ရန်ကုန်၊ ဩဂုတ် ၃၀

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနှင့် ဆရာသမဂ္ဂတို့အတွက် သီးခြားရုံးခန်းများဆောက်ပေးရန် ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း ပါဝင်ဆွေးနွေးခဲ့သည့် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်က ပြောကြားသည်။

အဆင့်မြှင့်တင်ရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ဘွဲ့နှင်းသဘင်ခန်းမ၌ ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ပညာရှင်များတက်ရောက်ခဲ့ကြသည်။

ဒေါက်တာတင်အောင်က “ရန်ကုန်တက္ကသိုလ်ကြီးကို အာဆီယံအဆင့်မီအောင် အဆောက်အအုံပိုင်းတွေရော လက်ရှိ ကျောင်းသားသမဂ္ဂအတွက်ရော သီးခြားအဆောက်အအုံလေးတွေ ဆောက်ပေးရမယ်။ ဆရာသမဂ္ဂအတွက်လည်း အခန်းပေးရမှာဆိုတော့ သီးခြားအဆောက်အအုံဆောက်ပေးမယ်”ဟု ပြောကြားသည်။

ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂများအတွက် ရုံးခန်းဆောက်ရန် လာမည့် ၂၀၂၀ မတိုင်မီ အပြီးဆောက်လုပ်ပေးရန် ရည်ရွယ်ထားပြီး ဆောက်လုပ်ရန် ဘတ်ဂျက်ကို လာမည့်နှစ်ဘတ်ဂျက်တွင် တင်ပြတောင်းခံမည်ဖြစ်ကြောင်း ဒေါက်တာတင်အောင်က ပြောကြားသည်။

ဩဂုတ် ၂၈ ရက်က ဘွဲ့နှင်းသဘင်ခန်းမတွင် ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ရသစာပေစကားဝိုင်း ဆွေးနွေးခဲ့သည်။ ယနေ့ အဆင့်မြှင့်ရေး ဆွေးနွေးရာတွင်လည်း အတိုင်ပင်ခံတက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခဲ့သည်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပညာရေးမြင့်မားဖို့ဆို အမြဲတမ်းစိတ်ဝင်စားတယ်။ အာဆီယံနိုင်ငံတွေကို မီအောင် ပြန်လုပ်မယ်လို့ ကျွန်တော်တို့ကို မနက်က ပြောသွားတယ်။ အားလည်းပေးသွားတယ်”ဟု အတိုင်ပင်ခံ၏စကားကို ကိုးကား၍ ဒေါက်တာတင်အောင်က ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းနိုင်က “လက်ရှိရုံးခန်းကလည်း ကောင်းပါတယ်။ ဒီရုံးခန်းက ၁၉၄၇-၄၈ ကတည်းက ဆရာတွေနားနေတဲ့နေရာ၊ စာဖတ်တဲ့နေရာ၊ ဆရာတွေ အားကစားလုပ်တဲ့နေရာကို ရုံးခန်းအဖြစ် လုပ်လိုက်တာ။ ဒီနေမှာပဲ အဆင်ပြေပါတယ်။ အသစ်ထပ်ဆောက်ပေးဖို့ မလိုပါဘူး” ဟု ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ စီမံကိန်းကော်မတီဝင်တစ်ဦးက “လောလောဆယ်မှာလည်း ရုံးခန်းရှိပါတယ်။ ဒီရုံးခန်းက ရန်ကုန်တက္ကသိုလ်အပြင် တခြားကျောင်းက သမဂ္ဂတွေလည်း အသုံးပြုလို့ရပါတယ်။ ကျွန်မတို့အတွက် ရုံးခန်းရှိတာလည်းကောင်းသလို ကျောင်းထဲက အခြားသောအသင်းအဖွဲ့တွေအတွက်လည်း အကုန်လုံး သုံးလို့ရတဲ့ Multi-Purpose Room လိုမျိုးရှိရင်တော့ ပိုကောင်းတာပေါ့”ဟု ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂရုံးခန်းကို ရန်ကုန်တက္ကသိုလ် စစ်ကိုင်းလမ်းရှိ ဆရာ၊ ဆရာမများ နားနေဆောင်၌ ဖွင့်လှစ်ထားပြီး ကျောင်းသားသမဂ္ဂရုံးခန်းကို ရန်ကုန်တက္ကသိုလ် သိပ္ပံခန်းမဘေးတွင် ဖွင့်လှစ်ထားသည်။

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း အဓိပတိလမ်း ဝဲ၊ ယာတစ်လျှောက် ကာရံထားသော သံပန်း၊ သံတံခါးများ ဖြုတ်ပစ်ခြင်းနှင့် တက္ကသိုလ်ဝင်းအတွင်း ကားပတ်လမ်းများ တည်ဆောက်ခြင်းကိုလည်း ၂၀၂၀ ခုနှစ်မတိုင်မီ ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၃၀ ခုနှစ်အတွင်း ရေရှည်စီမံချက်အဖြစ် ဆရာ၊ ဆရာမများ၏ အရည်အသွေးမြှင့်တင်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးမြှင့်တင်မှုကော်မတီထံမှ သိရှိရသည်။

J-19



FOLLOW US