News

POST TAGGED AS

ရထား

ဟုမ္မလင်းမြို့နယ်အတွင်းရှိ တရားမဝင်ရွှေမျောများကို မီးရှို့ဖျက်ဆီး


ကလေး၊ ဩဂုတ် ၁၃ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ တရားမဝင်ရွှေမျောများကို ဩဂုတ်လ ၁၂ ရက်နေ့က ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သည့် အဖွဲ့ကမီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဟုမ္မလင်းမြို့တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောကြားသည်။

ဟုမ္မလင်းမြို့နှင့် မိုင် ၃၀ ခန့်ကွာ ဝေးသည့် လောင်ဖောင်အုပ်စု၊ ခဲနန်းကျေးရွာအတွင်းရှိ အင်းများအတွင်း လွန်ခဲ့သည့် တစ်နှစ်ခန့်မှစ၍ တရားမဝင် ရွှေတူးဖော်မှုများလုပ်ကိုင်နေသည့် ရွှေမျောဖောင် တစ်ရာကျော်ကို ခန္တီးခရိုင်နှင့် ဟုမ္မလင်းမြို့နယ်တို့မှ ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“စက်တွေ ဖြုတ်တာတွေ၊ သယ်ယူစရိတ်တွေ အဲဒါတွေက ဘယ်သူမှ မထောက်ပံ့ဘူး။ ဌာနဆိုင်ရာတွေကလည်း ကိုယ်က ဦးဆောင်လုပ်ရင် ကိုယ်ကအကုန်အကျခံရသလို ဖြစ်နေတယ်။ တရားမဝင် ရွှေမျောတွေကလည်း အများကြီးဆိုတော့ အဲဒီလိုသာသွားလုပ်ရင် ဘယ်လိုမှ ထိန်းချုပ်နိုင်မှာ မဟုတ်လို့ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ခဲ့ကြတာ”ဟု တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ရှင်းပြသည်။

မြို့နယ်အတွင်း တရားမဝင်ရွှေတူးဖော်သည့် နေရာအများအပြားရှိနေပြီး မီးရှို့ဖျက်ဆီးခံရသည့် ရွှေမျောဖောင်များသည် ယင်းနေရာကို ပိုင်ဆိုင်သည်ဟုဆိုကာ ပြောဆိုထားသည့် ရွှေကုမ္ပဏီတစ်ခုကို တူးဖော်ခပေး၍ တူးဖော်ကြသည့် မျောများဖြစ်ကြောင်း၊ ယင်းသို့ တူးဖော်ရာသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ လာရောက်စဉ် ကုမ္ပဏီကတိမ်းရှောင်သွားရာ ကုမ္ပဏီကို အခကြေးငွေပေးကာ တူးဖော်ခဲ့သည့် လက်လုပ်လက်စား တစ်ပိုင်တစ်နိုင် ရွှေတူးဖော်သူများ၏ မျောများသာ မီးရှို့ဖျက်ဆီးခံခဲ့ရသဖြင့် ကုမ္ပဏီကိုလည်း အရေးယူပေးစေချင်ကြောင်း ခဲနန်းကျေးရွာတွင် လုပ်ကိုင်နေသည့် မျောပိုင်ရှင်တစ်ဦးက ပြောကြားသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဟုမ္မလင်းမြို့နယ်အတွင်း တရားမဝင်ရွှေတူးဖော်မှုများ ပပျောက်ရေးအတွက် တစ်ပိုင်တစ်နိုင်လုပ်ကွက်များ တရားဝင်ချထားပေးရန် ဓာတ်သတ္တုအသေးစားနှင့် လက်လုပ်လက်စားလုပ်ငန်းများအတွက် လျှောက်လွှာခေါ်ယူခြင်းကို ဩဂုတ်လ ၆ ရက်နေ့မှစ၍ လျှောက်လွှာများ ထုတ်ပေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လုပ်ကွက်စိစစ်ချထားပေးရေး အဖွဲ့ထံမှ သိရသည်။

R-20




FOLLOW US