News

POST TAGGED AS

ရထားလမ်း

မြေပြိုကျမှုကြောင့် ရန်ကုန်-ပုဂံ ရထားပြေးဆွဲမှု ၄ ရက်ခန့် ယာယီရပ်နားမည်
ရန်ကုန်၊ ဩဂုတ် ၁

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားလမ်းပေါ်မြေပြိုကျခဲ့သဖြင့် ရန်ကုန်-ပုဂံ အစုန်၊ အဆန်ရထားများ ဩဂုတ်လ ၁ ရက်မှ ၄ ရက်အထိ ပြေးဆွဲမှု ယာယီရပ်နားကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ဇူလိုင်လ ၃၁ ရက်က ဆင်ပေါင်ဝဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထောက်မကျေးရွာအုပ်စု ဂွေးချိုကျေးရွာအနီး ရန်ကုန်-ပုဂံ ရထားလမ်းပိုင်း မိုင်တိုင်အမှတ် ၂၁၇/၁၇နှင့် ၂၁၈/၁၈ ရှိ ရထားလမ်းပေါ် မြေပြိုကျခဲ့ခြင်းဖြစ်သည်။

“မင်းဘူးနဲ့မြင်ဘာ တောင်ကြား ရထားလမ်းပေါ် မြေကြီးတွေ ပြိုကျလာတာ။ ရှင်းလင်းရေးတွေ အခုလုပ်နေပါပြီ။ ဩဂုတ်လ ၅ ရက်တော့ ပြန်ပြေးမယ်လို့ ခန့်မှန်းထားတယ်”ဟု မြန်မာ့မီးရထား၊ (သွားလာပို့ဆောင်ရေးဌာန) အထွေထွေမန်နေဂျာ ဦးကျော်ကျော်မျိုးက ဆိုသည်။

ယင်းလမ်းပိုင်း အမြန်ဆုံးပြန်ဖွင့်နိုင်ရန် တောင်တွင်းကြီးဘူတာမှ ရထားလမ်းအင်ဂျင်နီယာက ဦးစီး၍ မြန်မာ့မီးရထားဝန်ထမ်း ၂၀ ခန့်ဖြင့် ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါမြေပြိုကျမှုကြောင့် ရန်ကုန်-ပုဂံ ရထားလမ်းပိုင်းပြေးဆွဲသည့်အမှတ် ၆၁ အဆန်၊ အမှတ် ၆၂ အစုန်ရထားတို့ကို ယာယီရပ်နားထားကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

အဆိုပါခရီးစဉ်ကို ရန်ကုန်ဘူတာကြီးမှ နေ့စဉ်လူ ၁၀၀ ကျော်ခန့် စီနင်းလေ့ရှိသည်။ 

J-06



FOLLOW US