News

POST TAGGED AS

ရထားလမ်း

ပုဂံဒေသဇုန်ဝင်ကြေးကောက်ခံခွင့် ပုဂ္ဂလိကကုမ္ပဏီများကို တင်ဒါခေါ်
ရန်ကုန်၊ ဇူလိုင် ၃၀

ကမ္ဘာလှည့်ခရီးသည်များ အဓိက လာရောက်လည်ပတ်သည့် ပုဂံယဉ်ကျေးမှုနယ်မြေ၏ ဇုန်ဝင်ကြေး ကောက်ခံခွင့်ကို ပုဂ္ဂလိကကုမ္ပဏီများ လုပ်ကိုင်နိုင်ရန် တင်ဒါခေါ်ယူနေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။ 

“လေလံစနစ်နဲ့ဆိုတော့ ဘယ်ကုမ္ပဏီမဆို လျှောက်လို့ရတယ်၊ သက်မှတ်ချက်နဲ့ ကိုက်ညီရင် စိစစ်ပြီး ပေးသွားမှာပါ”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။ 

ပုဂံဇုန်တွင် ၃ ရက်တာ လည်ပတ်သည့်ဝင်ကြေးအဖြစ် နိုင်ငံခြားသားတစ်ဦးလျှင် ကျပ်နှစ်သောင်းခွဲ ကောက်ခံရမည်ဖြစ်ကြောင်း၊ ဇုန်ဝင်ကြေးကောက်ခံသည့်လုပ်ငန်း လုပ်ကိုင်လိုသော ကုမ္ပဏီအနေနှင့် အဆိုပြုလျှောက်လွှာကို ကျပ်သုံးသိန်းဖြင့် ဝယ်ယူနိုင်ပြီး လျှောက်လွှာကို ဩဂုတ်လ ၃၀ ရက်အထိ ထုတ်ယူနိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပုဂံဇုန်ဝင်ကြေးကောက်ခံမှုလုပ်ငန်းကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်က ၂၀၁၆ ခုနှစ် မတ်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ရရှိငွေ၏ ၉၀ ရာခိုင်နှုန်းကို အစိုးရအဖွဲ့သို့ ပေးဆောင်ရပြီး ၂ ရာခိုင်နှုန်းကို ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ ကျန် ၂ ရာခိုင်နှုန်းကို ပုဂံဒေသပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများအတွက်လည်းကောင်း ပေးအပ်သည်။

“ပုဂံဇုန်ဝင်ကြေးကောက်ခံမှုက ရတဲ့ပိုက်ဆံရဲ့ ရာခိုင်နှုန်းအများစုကို ပုဂံ-ညောင်ဦးဒေသက ဒေသခံတွေအတွက် အကျိုးရှိတဲ့နေရာတွေမှာ အဓိကသုံးသင့်တယ်၊ ဒါမှ ဒေသခံတွေအတွက် အကျိုးရှိတဲ့ ခရီးသွားလုပ်ငန်းဖြစ်မှာ”ဟု ဧည့်လမ်းညွှန်တစ်ဦးက ဆိုသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအနေနှင့် ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသအဖြစ်အသိအမှတ်ပြုရန် ယူနက်စကိုထံ ယခုနှစ်အတွင်း တင်သွင်းထားသည်။ 

ပုဂံယဉ်ကျေးမှုနယ်မြေဒေသတွင် ၂၀၁၆ ခုနှစ်က ကမ္ဘာလှည့်ခရီးသည် နှစ်သိန်း ရှစ်သောင်းကျော် ဝင်ရောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်က ကမ္ဘာလှည့်ခရီးသည်သုံးသိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံဌာနခွဲ) ၏ စာရင်းများအရ သိရသည်။

J-14



FOLLOW US