News

POST TAGGED AS

ရထားလမ်း

အင်္ဂပူနှင့် မြန်အောင်တွင် တမံကျိုး၍ ပျိုးကြဲပြီးလယ်များ ရေမြုပ်
ဟင်္သာတ၊ ဇွန် ၃

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ချောင်းခွကျေးရွာအုပ်စုရှိ မမြချောင်း လက်တက်မြေသားတမံနှင့် အင်္ဂပူမြို့နယ် တစ်တီတူးကျေးရွာအုပ်စု၊ ညောင်ရွာကျေးရွာအနီးမှ မြန်အောင်မြို့နယ်၊ သဲဘို့ကျေးရွာအုပ်စု၊ ဒီးဒုတ်ကုန်းကျေးရွာအထိ ဖောက်လုပ်ထားသည့် မြေသားတာတမံမှာ မိုးသည်းထန်မှုကြောင့် ကျိုးပေါက်ခဲ့ရာ ပျိုးကြဲထားပြီးဖြစ်သည့် လယ်မြေများ ရေနစ်မြုပ်ခဲ့ရကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများထံမှ စုံစမ်းသိရှိရသည်။

အင်္ဂပူမြို့နယ်တွင် မေလ ၃၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျရေစီးဆင်းမှုကြောင့် ချောင်းခွကျေးရွာရှိ အမြင့် ၄ ပေ ၊ အကျယ် ၅ ပေခန့်ရှိ မြေသားတမံမှာ အလျား၁၀ ပေခန့် ကျိုးပေါက်ခဲ့ပြီး တောင်ကျရေကြောင့် ကွင်းအမှတ် ၅၃၉ ရှိ ပျိုးကြဲပြီးသား လယ်ဧက ၆၀ ခန့်နစ်မြုပ်ခဲ့ကြောင်း၊ ယင်းအပြင် မေလ ၃၁ ရက်နေ့က မိုးရွာသွန်းခြင်းကြောင့် ကြက်သွန်ခင်းဖောက်ချောင်း မြေသားရေကာတာ ၁၀ ပေခန့် ကျိုးပေါက်ခဲ့ရာ ကွင်းအမှတ် ၅၃၉ (ခ) ရှိ ပျိုးကြဲပြီးသား လယ်ဧက ၆၀ ခန့် ရေနစ်မြုပ်ခဲ့ကြောင်း အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မြန်အောင်မြို့နယ်တွင် မေလ ၃၁ ရက်နေ့က မိုးရွာသွန်းမှုကြောင့် ဒီးဒုတ်ကုန်းကျေးရွာတွင် ဖောက်လုပ်ထားသည့် ချောင်းအကျယ် ပေ ၅၀ အတွင်း တောင်ကျရေထိုးဆင်းခဲ့ရာ တစ်တီတူးကွင်းအုပ်စု ငါးပြေမအင်းကျေးရွာ၌ အကျယ် ၁၅ ပေ၊ အမြင့် ၁၅ ပေ၊ အရှည် ၅ မိုင်ရှိ ဖောက်ချောင်း မြေသားရေကာတာမှာ ၁၅ ပေခန့်ကျိုးပေါက်ခဲ့ကြောင်း၊ ယင်းနောက်တစ်တီတူးကျေးရွာ အုပ်စုရှိ ကွင်းအမှတ် ၅၂၉ ရှိ လယ်ဧက ၂၀ နှင့် ဝါးနက်တော ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၅၃၀ ရှိ ပျိုးကြဲလယ် ဧက ၆၀ ခန့်မှာ ရေနစ်မြုပ်ခဲ့ကြောင်း မြန်အောင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ယင်းသို့ ရေမြုပ်လယ်ဧကများကို ပြန်လည်စိုက်ပျိုးရမည်ဖြစ်သောကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ တစ်ဧကလျှင် အနည်းဆုံး ကျပ်ငါးသောင်းခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ဒုတိယအကြိမ် ထပ်မံရေနစ်မြုပ်မှု မဖြစ်ပေါ်စေရန်လည်း တားဆီး၍ မရနိုင်ခြင်းကြောင့် အကြိမ်ကြိမ်ဆုံးရှုံးမှုလည်း ရှိလာနိုင်ကြောင်း လယ်ရေမြုပ်သည့် တောင်သူ ဦးမြမောင်က ပြောကြားသည်။ 

R-13




FOLLOW US