News

POST TAGGED AS

ရထားလမ်း

မြေယာပြဿနာများ ရှုပ်ထွေးအောင် ဆောင်ရွက်သူများကို အရေးယူရေးအဆို တိုင်းလွှတ်တော်တွင် ဆွေးနွေးမည်
ပုသိမ်၊ မေ ၂၂

ဖျာပုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးဇေယျာမင်းသိန်းတင်သွင်းသည့် စားကျက်မြေနှင့် အခြားလယ်ယာမြေ ပြဿနာများကို ရှုပ်ထွေးအောင်၊ မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေသူနှင့် အဖွဲ့အစည်းများကို စီမံချက်ချကာ စုံစမ်းဖော်ထုတ် အရေးယူပေးရေး အဆိုကို မေလ ၂၅ ရက်တွင် ဧရာဝတီတိုင်း လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ဖျာပုံမြို့နယ်တွင် မြေယာအမှုအခင်း ၄၄၀ ကျော်ရှိပြီး မြေယာပြဿနာများကို ရှင်း၍ပင်မနိုင်ကြောင်း၊ ယင်းသို့ ဖြေရှင်းရာတွင် ပြဿနာကို ပိုမိုရှုပ်ထွေးအောင် လုပ်ဆောင်နေသူ၊ ကုမ္ပဏီနှင့် အဖွဲ့အစည်းများရှိပြီး လယ်သမားများထံမှ အကြောင်းအမျိုးမျိုးပြကာ ငွေတောင်းမှုများလည်းရှိကြောင်း ယင်းအဆိုကိုတင်သူ ဦးဇေယျာမင်းသိန်းက ပြောသည်။ 

အမှုရင်ဆိုင်စဉ် အမှုရှုံးပါက လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ၊ ဌာနဆိုင်ရာများကြောင့်ဟုဆိုကာ လယ်သမားများကို မြှောက်ပေးပြီး ပြဿနာရှာသူများလည်းရှိကြောင်း၊ ကျေးရွာများတွင် ထားရှိသော ကျွဲ၊ နွားစားကျက်မြေများလည်း ပျောက်ကုန်သဖြင့် အဆိုတင်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

ယင်းအဆိုကို ကျောင်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ ဦးခင်မောင်ဇော်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းတို့က ထောက်ခံသဖြင့် လွှတ်တော်တွင်ဆွေးနွေးရန် သဘောတူညီခဲ့သည်။ 

R-11




FOLLOW US