News

POST TAGGED AS

ရထားလမ်း

မန္တလေး- မြစ်ကြီးနားရထားလမ်း မိုင်းဆက်တိုက်ခွဲခံရ


မြစ်​ကြီးနား၊ ​မေ ၁၆

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းနေရာနှစ်ခုတွင် မေလ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲခန့်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း မိုးကောင်းနယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့ဖောက်ခွဲခံရသည့်အပြင် မေလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းကလည်း မိုးကောင်းဘူတာနှင့် ထိုပူးဘူတာကြား မိုင်တိုင် ၆၆၅ တံတားတွင်လည်း မိုင်းပေါက်ကွဲမှုကြောင့် ရထားသံလမ်းနှင့် ဇလီဖားတုံးများ ပျက်စီးခဲ့ရသည်။

မိုးကောင်းမြို့နယ် မရမ်းဘူတာဘက်မှ နမ္မတီးဘူတာဘက်သို့ မောင်းနှင်လာသည့် မြစ်ကြီးနား-ဟိုပင် APT မိုင်းရှင်းရထားသည် မိုးကောင်းမြို့နယ် နမ္မတီးဘူတာနှင့် မရမ်းဘူတာအကြား မီးရထား မိုင်တိုင်အမှတ် (၆၉၅/၂၄ နှင့် ၆၉၆/၁) အကြားရှိ တံတားညီနောင်အပေါ် ဖြတ်သန်းမောင်းနှင်စဉ် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ယင်းစခန်းထံမှသိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ရထားတွဲအမှတ် (WBX-9197)၊ (GBHAV-13702) နှင့် ရထားစက်ခေါင်းအမှတ် (DD-952) ၏ ဘီးများသံလမ်းမှ အတွင်းဘက်သို့ချော်ကျပြီး တွဲအမှတ် (GBHAV-13702) ၏ ဘီးနှစ်ဘီးမှာ တံတားအောက်သို့ ပြုတ်ကျခဲ့ကာ ရထားသံလမ်းများ ပြတ်တောက်၍ ဇလီဖားတုံးများ ပျက်စီးခဲ့သည်။ 

အလားတူယင်းဖြစ်စဉ်နှင့် တစ်ချိန်တည်း မိုးကောင်းဘူတာနှင့် ထိုပူးဘူတာကြား မီးရထားမိုင်တိုင်အမှတ်(၆၈၂/၁ နှင့် ၂) အကြား တံတားအမှတ် ၆၆၂ တွင်လည်း မိုင်းပေါက်ကွဲခဲ့သဖြင့် မီးရထားသံလမ်းများ တွန့်ကောက်ကာ ပျက်စီးခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်များကြောင့် ရထားတွဲအချို့လမ်းချော်ခဲ့ပြီး သံလမ်းများ တွန့်ကောက်ပျက်စီးခြင်းသာ ရှိခဲ့ကြောင်း၊ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ကြောင်း မြစ်ကြီးနားဘူတာထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ရထားလမ်းများပျက်စီးခဲ့ရာ ခရီးသည်များကို မြစ်ကြီးနားသို့ ကားဖြင့် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်း အထက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးမျိုးဝင်းက ပြောကြားသည်။ 

“အခုလိုဖြစ်သွားရာမှာ ထိခိုက်ဒဏ်ရာ ရတာမရှိပါဘူး။ ရထားကအမြန် ရထားသုံးစင်းအနက် မိုးညှင်းမှာ တစ်စင်းရပ်၊ ဟိုပင်မှာ နှစ်စင်းရပ်ထားတယ်။ အဲဒီသုံးစင်းက ခရီးသည်တွေ ဒုက္ခမရောက်အောင် မြစ်ကြီးနားကို တစ်ယောက်မကျန် ကားနဲ့ပို့မယ်။ ပြီးမှ မန္တလေးက ရထားတွေ ပုံမှန်အတိုင်းလွှတ်မယ်”ဟု ၎င်းက ပြောဆိုသည်။

ရထားလမ်းတစ်လျှောက် ဘေးကင်းလုံခြုံမှု ရှိ မရှိကို ဆုန်၊ ဆန်လှည့်လည် စစ်ဆေးရသည့် တိုက်ကင်းရထားခုတ်မောင်းစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုပူးဘူတာနှင့် မိုးကောင်းဘူတာအကြား၊ တံတားအမှတ် ၆၆၂ တွင်လည်းကောင်း မရမ်းဘူတာနှင့် နမ္မတီးဘူတာအကြား၊ တံတားအမှတ် ၆၈၁ တွင်လည်းကောင်း ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ 

အဆိုပါမိုင်းခွဲမှုဖြစ်စဉ်ကြောင့် မိုးညှင်းဘူတာတွင် အမှတ် ၅၅ အဆန် အမြန်ရထား၊ ဟိုပင်ဘူတာတွင် အမှတ် ၅၇ နှင့် ၃၇ အမြန်ရထားတို့ ရပ်ထားရပြီး ခရီးသည်များအတွက် စားသောက်ရေးနှင့် အခြားကိစ္စများအဆင်ပြေစေရန် မြန်မာ့မီးရထားက စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ 

R-06/M-04




FOLLOW US