News

POST TAGGED AS

ရထားလမ်း

30-Apr-2018

ပြည် ရထားလမ်း
တစ်ရက်ခန့် ရပ်နားခဲ့သည့် ရန်ကုန်-ပြည်လမ်းပိုင်း ပြန်ဖွင့်
ရန်ကုန်၊ ဧပြီ ၂၉

ရထားလမ်းချော်မှုကြောင့် တစ်ရက်ခန့်ရပ်နားခဲ့သော ရန်ကုန်-ပြည် ရထားလမ်းပိုင်း ဧပြီလ ၂၉ ရက်က ပြန်ဖွင့်ခဲ့ကြောင်း မြန်မာ့မီးရထား (သတင်းနှင့် ပြန်ကြားရေးဌာန) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သာရဝေါ-ကြည့်မြင်တိုင်ဘူတာ ပြေးဆွဲနေသော အမှတ် ၇၀ အစုန်ရထား ဧပြီလ ၂၇ ရက်က လက်ပံတန်းမြို့နယ်တွင် လမ်းချော်ခဲ့ခြင်းကြောင့် ဧပြီလ ၂၈ ရက်တစ်ရက်လုံး ရထားပြေးဆွဲမှုများ ရပ်နားခဲ့ခြင်းဖြစ်သည်။

“ဧပြီလ ၂၈ ရက်က ရထားဘီး မတင်နေတဲ့အချိန်မှာ ခရီးစဉ်တွေ ဖျက်ထားလိုက်ရတယ်။ ဒီနေ့မနက်မှ ရထားတွေ ပုံမှန်ပြေးနေပါပြီ”ဟု မြန်မာ့မီးရထား (သတင်းနှင့် ပြန်ကြားရေးဌာန) မှ တာဝန်ရှိသူက ဆိုသည်။

ဧပြီလ ၂၇ ရက် ညနေ ၅ နာရီ ၅ မိနစ်ခန့်က သာရဝေါဘူတာမှ ထွက်ခွာလာသော သာရဝေါ-ကြည့်မြင်တိုင် အမြန်ရထား စက်ခေါင်းအမှတ် DF 1626 သည် လက်ပံတန်းမြို့နယ် ဘူတာအဝင်တွင် ဘီးချော်မှုဖြစ်ပွားခဲ့ပြီး အမှတ်-၇၁ အဆန် ရန်ကုန်-ပြည် အမြန်ရထား၊ အမှတ်-၆၁ အဆန် ရန်ကုန်-ပုဂံ အမြန်ရထား၊ အမှတ်-၇၀ အစုန် သာရဝေါ-ကြည့်မြင်တိုင် (ဘီးချော်ကျရထား)၊ အမှတ်- ၆၁၀ အစုန် လက်ပံတန်း-ပြည် အမြန်ရထားတို့မှာ ရပ်နားခဲ့ရခြင်းဖြစ်သည်။

“ဘီးက ၂ ပေလောက် အကွာလောက် ကျသွားတယ်။ ဒါပေမဲ့ ခရီးသည်နဲ့ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိပါဘူး”ဟု သတင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဘီးချော်ကျသော ရထားကို လက်ပံတန်းဘူတာ ရထားထိန်းချုပ်ရေးဌာနနှင့် မြန်မာ့မီးရထားတိုင်း (၇) ရန်ကုန် မလွှကုန်းစက်ခေါင်းစက်ရုံမှ တာဝန်ရှိသူတို့က စက်ခေါင်းတွဲကို မတင်ခဲ့ပြီး လက်ပံတန်းဘူတာတွင် ခေတ္တရပ်တန့်ထားသော ရထားများ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။ 

J-06



FOLLOW US