News

POST TAGGED AS

ရထားစက်ခေါင်း

အိန္ဒိယရထားစက်ခေါင်း ၆ ခေါင်း ဝန်ကြီးဌာနထံ လွှဲအပ်
ရန်ကုန်၊ မတ် ၁၉

အိန္ဒိယနိုင်ငံထုတ် ဒီဇယ်လျှပ်စစ် ရထားစက်ခေါင်း ၁၈ ခေါင်းအနက် နောက်ဆုံးအသုတ်အဖြစ် စက်ခေါင်း ခြောက်ခေါင်းကို အိန္ဒိယအစိုးရက မတ်လ ၁၉ ရက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြန်မာ့မီးရထား (စက်ခေါင်းဌာန) ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်စိုးက ပြောကြားသည်။

“အိန္ဒိယချေးငွေထဲက ဝယ်ယူတာဖြစ်တယ်။ အခုက နောက်ဆုံး အသုတ်ရောက်ရှိပါ။ တစ်သုတ်ကို ခြောက်ခေါင်းစီ ရောက်ရှိတာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလက နောက်ဆုံးအသုတ်အဖြစ် ရထားစက်ခေါင်း ခြောက်ခေါင်းရောက်ရှိခဲ့ပြီး မတ် လ ၁၉ ရက်က လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်ခဲ့၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

“စက်ခေါင်းတစ်ခေါင်းရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ မီလီယံရှိတယ်။ အရင်ရောက်ရှိနေတဲ့ စက်ခေါင်းတွေက ရထားလမ်းပိုင်းတချို့မှာ ထည့်သွင်းပြေးဆွဲနေပါပြီ”ဟု ဦးမြင့်စိုးက ဆိုသည်။

အိန္ဒိယနိုင်ငံ Varanasi မြို့ရှိ DLW စက်ရုံတွင် ထုတ်လုပ်ခဲ့သော စက်ခေါင်း ၁၈ ခေါင်းဝယ်ယူခြင်းအတွက် ၂၀၁၆ ခုနှစ် မတ်လ ၄ ရက်က ဝယ်ယူရေးသဘော တူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် ပထမအကြိမ် ခြောက်ခေါင်း၊ နိုဝင်ဘာလတွင် ဒုတိယအကြိမ် ခြောက်ခေါင်း ရောက်ရှိကာ မန္တလေး၊ မြစ်ကြီးနား ရထားလမ်းပိုင်းတွင် ထည့်သွင်းပြေးဆွဲထားကြောင်း ၎င်းက ပြောကြားသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ချေးငွေဒေါ်လာ သန်း ၂၀၀ ကျော် ချေးယူခဲ့ပြီး စက်ခေါင်းများဝယ်ယူခြင်း၊ မြန်မာ့မီးရထား အခြေခံအဆောက်အဦများ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးများအတွက် သုံးစွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

အိန္ဒိယအစိုးရအနေနှင့် မီးရထားစက်ခေါင်းတွဲ ၇၈ တွဲ၊ လူစီးတွဲ ၅၆ တွဲ၊ ကုန်တွဲ ၂၅၀ တို့ပါဝင်သည့် အရေအတွက် မြောက်မြားစွာသော မီးရထားတွဲများ၊ အခြားသက်ဆိုင်သည့် တပ်ဆင်အစိတ်အပိုင်း ပစ္စည်းများ၊ စက်အစိတ်အပိုင်းများကို ထောက်ပံ့ပေးထားကြောင်း အိန္ဒိယသံရုံး၏ မတ်လ ၁၈ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

J-06



FOLLOW US