News

POST TAGGED AS

ရတနာပုံတက္ကသိုလ်

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ခြောက်နှစ်ပြည့်အခမ်းအနားကျင်းပ


မန္တလေး၊ ဖေဖော်ဝါရီ ၂၈

မန္တလေးမြို့တော်ရှိ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ခြောက်နှစ်ပြည့် အခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ယင်းတက္ကသိုလ် ပိတောက်လမ်းတွင် ကျင်းပခဲ့သည်။

“ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂဖြစ်တည်မှုဟာ နောင်တော် ကျောင်းသားများ၊ လက်ရှိသမဂ္ဂအဖွဲ့ဝင်များရဲ့ အင်အားတွေနဲ့ အခုဆို အတိုင်းအတာတစ်ခုအထိ ဖြစ်တည်မှုတစ်ခုကို ရောက်ရှိနေပါပြီ။ ကျောင်းတွင်းကျောင်းပြင် လှုပ်ရှားမှုတွေ၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုတွေမှာ အခြားညီနောင်သမဂ္ဂတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပါတယ်”ဟု ယင်းသမဂ္ဂဥက္ကဋ္ဌ ကိုကျော်သီဟရဲကျော်က ပြောကြားသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အနေနှင့် ခွပ်ဒေါင်းအလံအောက်မှနေ၍ ကျောင်းသားထုနှင့် ပြည်သူအကျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။ 

“တစ်နိုင်ငံလုံးကလေးစားရတဲ့ ဗကသဖြစ်ဖို့လိုသလို အဖွဲ့ကို စုစည်းညီညွတ်အောင် လုပ်ဖို့လည်းလိုတယ်”ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (အထက်ဗမာပြည်) ကျောင်းသားဟောင်းတစ်ဦးက မှတ်ချက်ပြုသည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ခြောက်နှစ်ပြည့်အခမ်းအနားသို့ ဆေးတက္ကသိုလ် (မန္တလေး) ကျောင်းသားများသမဂ္ဂ၊ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မန္တလာဒီဂရီကောလိပ် ကျောင်းသားများသမဂ္ဂ၊ ပုသိမ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မိတ္ထီလာခရိုင် ကျောင်းသားများသမဂ္ဂ၊ ရမည်းသင်း နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့က သဝဏ်လွှာများပေးပို့ခဲ့သည်။

ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အဖွဲ့ဝင် ၅၀ ခန့်ရှိကာ အပတ်စဉ်ကျောင်းတွင်း စာဖတ်ဝိုင်းများ၊ စာပေဆွေးနွေးပွဲများ၊ စာစောင်ထုတ်ဝေခြင်းများ ပြုလုပ်လျက်ရှိသည်။ 

M-01



FOLLOW US