News

POST TAGGED AS

ရခိုင်ပြည်နယ်

၂၁ ရာစု ဒု-ပင်လုံညီလာခံ အစည်းအဝေးသို့ ရခိုင်အမျိုးသားပါတီနှင့် ALP တို့တက်ရန် မသေချာ
ရန်ကုန်၊ မေ ၂

မေလ ၂၄ ရက်၌ ကျင်းပရန် စီစဉ်ထားသော ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံ အစည်းအဝေးသို့ ရခိုင်အမျိုးသားပါတီနှင့် ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) တို့ တက်ရောက်ရန် မသေချာသေးကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။

ရခိုင်ပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် မပြုခြင်းကြောင့် ၂၁ ရာစု ဒုတိယအကြိမ် ပင်လုံညီလာခံသို့ တက်ရောက်သင့်၊ မသင့်ကို ရခိုင်နိုင်ငံရေးပါတီများသည် မေလဒုတိယပတ်အတွင်း ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်။

“ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီက ခွင့်မပြုပေးဘူး။ အဲဒီအတွက် ကျွန်တော်တို့က ပင်လုံမှာ တင်ပြခွင့် မရှိဘူး။ ၂၁ ဒုတိယအကြိမ် ဒု-ပင်လုံကို တက်ရောက် သင့်၊ မသင့်ကို ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေး ပြုလုပ်ပြီး ဆုံးဖြတ်သွားမှာပါ”ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

၂၁ ရာစု ဒုတိယအကြိမ် အစည်းအဝေးသို့ ရခိုင်အမျိုးသားပါတီမှ တက်ရောက်ရန် သင့်၊ မသင့်ကို ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေးကို မေလ ၈ ရက်မှ ၁၀ ရက်အထိ စစ်တွေမြို့ရှိ ရခိုင် အမျိုးသားပါတီ ဌာနချုပ်၌ ကျင်းပ၍ ဆုံးဖြတ်သွားမည်ဖြစ်သည်။

အလားတူ NCA လက်မှတ်ရေး ထိုးထားပြီးဖြစ်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) အနေနှင့် ပင်လုံညီလာခံ တက်ရောက်ရန် သင့်၊ မသင့်ကို မတ်လ ၆ ရက်နေ့၌ ပါတီဗဟို အလုပ်အမှုဆောင် အစည်းအဝေး လုပ်၍ ဆုံးဖြတ်သွားမည်ဖြစ်ပြီး အဆိုပါ ဆုံးဖြတ်ချက်အရ ဒုတိယ ပင်လုံညီလာခံနှင့်ပတ်သက်၍ ရပ်တည်ချက်ကို ထုတ်ပြန်မည်ဖြစ်ကြောင်း ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ စောမြရာဇာလင်းက အတည်ပြု ပြောဆိုသည်။

“တက်ဖို့၊ မတက်ဖို့ကို အစည်းအဝေး လုပ်ပြီး ဆုံးဖြတ်မှာပါ။ ကျွန်မတို့က NCA လက်မှတ် ရေးထိုးစဉ်ကာလမှာ လမ်းပြမြေပုံတွေ ရှိတယ်။ လက်နက်ကိုင် အဖွဲ့တွေ အခြေစိုက်ရာ ဒေသမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပခွင့်ပြုမယ်ဆိုတာ ပါတယ်။ အခြား ပြည်နယ်တွေမှာ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ခွင့်ပြုတယ်။ ရခိုင်မှာ ဘယ်နေရာမှ ကျင်းပခွင့် မပေးခဲ့ကြဘူး။ နိုင်ငံရေးသိက္ခာ ချသလို ခံစားရတယ်။ ပြီးတော့ ၂၁ ရာစု ပင်လုံညီလာခံကို တက်ဖို့ အဆင်သင့် မဖြစ်ဘူး”ဟု စောမြရာဇာလင်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ကျင်းပခွင့် မပြုရခြင်းမှာ ရခိုင်ပြည်နယ် ထိလွယ်ရှလွယ် အခြေအနေများကြောင့် ကျင်းပခွင့် မပေးရခြင်းဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က အကြောင်းပြန်ထားသည်။

ပထမအကြိမ် ၂၁ရာစု ပင်လုံညီလာခံ ကျင်းပပြီးနောက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် (ပအိုဝ်းနှင့် ဒေသအဆင့် ရှမ်း)၊ ချင်းပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပခွင့်ပြုပေးခဲ့သည်။

ထိုကဲ့သို့ ရခိုင်ပြည်နယ်၌ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် မေလ (၁၂) ရက်၌ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)အစည်းအဝေး၌ တင်ပြဆွေးနွေးရန်ရှိကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးသုဝေက ဆိုသည်။

J-07



FOLLOW US