News

POST TAGGED AS

ရခိုင်ပြည်နယ်

မွန်နဲ့ရခိုင်ကပေးတဲ့ သင်ခန်းစာ

NLD အစိုးရအသစ် တက်လာပြီး တစ်နှစ်အကြာမှာ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ပါတယ်။ ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်တွေဟာ ၂၀၁၇ ခုနှစ် ဧပြီလ ၂ ရက်မှာ တရားဝင် ထွက်ပေါ်လာခဲ့ပါတယ်။ တစ်နိုင်ငံလုံး လစ်လပ်နေရာ ၁၉ နေရာမှာ NLD က တစ်ဝက်သာသာလောက်ပဲ အနိုင်ရတယ်လို့ သိရပါတယ်။ NLD ဟာ လုပ်ခဲ့သမျှ ရွေးကောက်ပွဲတိုင်းမှာ ပြတ်ပြတ်သားသား အနိုင်ရတဲ့ပါတီ ဖြစ်ပါတယ်။ ဆိုတော့ အခုကြား ဖြတ်ရွေးကောက်ပွဲ ရလဒ်တွေအရဆို NLD  အကြီးအကျယ် အထိနာသွားခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်။ ရွေးကောက်ပွဲမတိုင်မီ NLD ထိပ်တန်းခေါင်းဆောင်တွေက မဲဆန္ဒရှင်တွေကို မဲထွက်ပေးကြဖို့ တိုက်တွန်းခဲ့ပေမယ့် မဲဆန္ဒရှင် အနည်းစုသာ လာရောက် မဲပေးကြတယ်လို့ သိရပါတယ်။ ဒီရွေးကောက်ပွဲမှာ ပြည်တွင်းက အကဲခတ်တွေနဲ့ နိုင်ငံတကာက အကဲခတ်တွေကို အံ့အားသင့်သွားစေတဲ့ ရလဒ်နှစ်ခု ရှိပါတယ်။ အဲဒါ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ရလဒ်များပဲ ဖြစ်ပါတယ်။

သိကြတဲ့အတိုင်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ NLD ဟာ သူရဲ့ ပြိုင်ဘက် USDP ကို ရှုံးနိမ့်ခဲ့ပြီး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာတော့ NLD ရဲ့ နိုင်ငံရေး မဟာရန်သူတော်လို့ အများက သတ်မှတ်ကြတဲ့ ရခိုင်အမျိုးသားပါတီ ANP က ဒေါက်တာအေးမောင် မဲအပြတ်အသတ်နဲ့ အနိုင် ရသွားပါတယ်။ မွန်ရွေးကောက်ပွဲ ရလဒ်သတင်းဟာ တစ်နိုင်ငံလုံးက NLD လိုလား ထောက်ခံသူတွေကို အငိုက်မိသွားစေသလို ရခိုင်ရွေးကောက်ပွဲ ရလဒ်သတင်းဟာလည်း နိုင်ငံတကာကို အရှိန်ပြင်းပြင်း ရိုက်ခတ်သွားပါတယ်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်ဟာ ရွေးကောက်ပွဲ အစဉ်အဆက် NLD အမြဲအနိုင်ခဲ့တဲ့ နေရာလို့ သိရပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီကလည်း အဲဒီက တံတားတစ်ခုကို ဗိုလ်ချုပ်အောင်ဆန်း နာမည်ပေးတာ အကြောင်းပြုပြီး ဒေသခံ မွန်တိုင်းရင်းသားတွေရဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ သို့သော် ရွေးကောက်ပွဲ မတိုင်မီ အင်တာနက်သတင်းတွေ၊ ပုံရိပ်တွေအရ အဲဒီမှာ NLD က အားကောင်းမြဲ အားကောင်းဆဲဆိုတော့ လူတွေက ချောင်းဆုံမှာ NLD ပဲ နိုင်မယ် တွက်ခဲ့တယ်။ အခုတော့ NLD ဟာ သူ့ရဲ့ပြိုင်ဘက် USDP ကို ရှုံးနိမ့်ခဲ့ပါပြီ။ ချောင်းဆုံရှုံးနိမ့်မှုရဲ့ ဂယက်ဟာ အတော်ကို ကြီးမားပါလိမ့်မယ်။ တချို့ကလည်း ချောင်းဆုံကိစ္စဟာ တိုင်းရင်းသားတွေက ဗမာလူမျိုးကြီးဝါဒကို သတိပေးမှုတစ်ရပ် အဖြစ်လည်း ရှုမြင်ကြပါတယ်။ ချောင်းဆုံမှာ USDP ကို ရွေးချယ်လိုက်တာ USDP ကို ကြိုက်လွန်းလို့ဆိုတာထက် NLD ကို ဒဏ်ခတ်ချင်လို့ ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်း ဗန်းပြပြီး နိုင်ငံရေးလုပ်စား၊ အကာအကွယ်ယူလိုသူတွေကို အချက်ပြတဲ့ ရှင်းလင်းတဲ့ သတိပေးမှုလည်း ဖြစ်ပါတယ်။ မွန်ပြည်သူတွေ ရူးသွပ်သွားပြီလော၊ မွန်သမိုင်း ရိုင်းပြီလောဆိုတဲ့ အင်တာနက် ကွန်မန့်တွေ ဖတ်ရပါတယ်။

မွန်ပြည်သူတွေ မရူးသွပ်ပါ။ မွန်သမိုင်း မရိုင်းပါ။ ဗိုလ်ချုပ်အောင်ဆန်းဗန်းပြ နိုင်ငံရေး ကျပ်မပြည့်တဲ့ အစွန်းရောက် နိုင်ငံရေး လုပ်စားလိုသူတွေကို ဒဏ်ခတ်လိုက်တာသာ ဖြစ်ပါတယ်။ အချို့ဆို ဘာလုပ်လုပ် ဗိုလ်ချုပ်အောင်ဆန်း ပုံရိပ်ကို အသုံးပြုတတ်ကြတယ်။ စာပေဟောပြောပွဲတွေမှာကအစ ဗိုလ်ချုပ်အောင်ဆန်း နောက်ခံနဲ့ ပြောဟောနေသူတွေ အမြဲ ရှိနေတတ်ပါတယ်။ ဗိုလ်ချုပ်ရာပြည့်ဆိုလည်း လုပ်နေကြတာ မပြီးတော့ပါဘူး။ လုပ်သင့်တယ် ဆိုပေမယ့် လုပ်သင့်တာထက် ပိုလွန်းနေလို့ ဖြစ်တယ်။ အဲဒီ ဗိုလ်ချုပ်အောင်ဆန်းအတွက် အလုပ် လုပ်နေပါတယ် ဆိုတဲ့သူတွေကို ဝေဖန်မယ်ဆိုရင်ပဲ ဗိုလ်ချုပ်အောင်ဆန်းကို ဝေဖန်သလို ဖြစ်နေတတ်တယ်။ အဲဒီတော့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ပြောမယ်၊ ဗိုလ်ချုပ်အောင်ဆန်းနာမည် အသုံးပြုမယ်ဆိုရင်ပဲ လူတွေက သူတို့ကိုယ်သူတို့ လူဖြောင့်၊ လူမှန်တွေလိုလို၊ ဗိုလ်ချုပ်ကျေးဇူး ဆပ်နေသူတွေလိုလို၊ သူတို့ကို သူတို့ အထင်ရောက်ပြီး တစ်ဖက်သား ခံစားချက်ကို ထည့်မစဉ်းစားဘဲ စွတ်လုပ် နေတဲ့သူတွေ ဒီမှာ အများကြီး ရှိတယ်။ အခုချောင်းဆုံ ရွေးကောက်ပွဲရလဒ်က အဲဒီအစွန်းရောက် ဗိုလ်ချုပ်အောင်ဆန်းဝါဒီတွေကို ပြတ်ပြတ်သားသား သတိပေးလိုက်တာ ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းသာ သိခဲ့မယ်ဆိုရင် ချောင်းဆုံက မဲဆန္ဒရှင်တွေကို ကျေးဇူးတင်လိုက်မယ့် ဖြစ်ခြင်းဗျာ။

မွန်ပြီးတော့ ရခိုင်ဘက်ဆက်မယ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်မှာ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင် နိုင်သွားတယ်။ ဒေါက်တာ အေးမောင်ကို အပြော ကောင်းတယ်၊ နိုင်ငံရေး ကျွမ်းကျင်တယ်လို့ ပြည်တွင်း၊ ပြည်ပက အသိအမှတ်ပြုကြတယ်။ ANP ပါတီဟာ ရခိုင်ပြည်နယ်မှာ အင်အား အကြီးမားဆုံးပါတီဖြစ်ပြီး ANP ဥက္ကဋ္ဌဖြစ်တဲ့ ဒေါက်တာအေးမောင်က ရခိုင်အရေးကိစ္စမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ UN အဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန် ပြစ်တင် ပြောဆိုလေ့ရှိတာကြောင့် ဒေါက်တာအေးမောင်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကောင်းစွာ သတိပြုမိကြပါတယ်။ ဒေါက်တာ အေးမောင်ဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် လွှတ်တော် နိုင်ငံရေးပြင်ပကို ရောက်နေခဲ့ပေမယ့် အခု သူ ပြန်လာပါပြီ။ ဒေါက်တာအေးမောင်ဟာ အလျဉ်းသင့်သလို NLD အပေါ်မှာလည်း ဝေဖန်ပြောဆိုလေ့ ရှိတာမို့ အမ်းမြို့နယ်ရဲ့ ရွေးကောက်ပွဲရလဒ်ဟာ NLD အတွက်တော့ သတင်းကောင်း မဟုတ်ပါဘူး။ NLD ဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အပြီးမှာ ANP နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ပျက်ယွင်းခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ကတော့ စစ်အစိုးရလက်ထက် ဖိနှိပ်မှုများ ပြင်းထန်နေချိန်မှာ NLD အပေါ် ထောက်ခံမှု အားအကောင်းဆုံး ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြို့နယ် အတော်များများမှာ NLD ဟာ ဟီးရိုးကနေ ဇီးရိုးဖြစ်သွားခဲ့ပါတယ်။ 

ဒီကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ အမ်းမှာ စစ်တပ်စခန်းတွေလည်းရှိတော့ USDP ကပဲ နိုင်လိမ့်မယ်လို့ အများက မျှော်လင့်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၅ တုန်းကလည်း USDP ပဲနိုင်ပါတယ်။ ရခိုင်ဝန်ကြီးချုပ် တာဝန်ရယူထားတဲ့ NLD ကလည်း အကြိတ်အနယ် မဲဆွယ်စည်းရုံးရေး ဆင်းခဲ့တာမို့ အမ်းမှာ USDP နိုင်မလား၊ NLD နိုင်မလားဆိုပြီး တွက်ဆခဲ့သူ အများအပြား အငိုက် မိသွားခဲ့ပါတယ်။ ANP ဥက္ကဋ္ဌကိုယ်တိုင် လွှတ်တော်ထဲ ရောက်ရှိသွားပြီဖြစ်တဲ့အတွက် ANP ဟာ လွှတ်တော် နိုင်ငံရေးမှာ ပိုမိုအားကောင်းလာမှာဖြစ်ပြီး ရခိုင်အရေး ဖြေရှင်းရာမှာလည်း ANP ဗဟိုပြု ချဉ်းကပ်ဆောင်ရွက်တဲ့ ဖြေရှင်းမှုတွေ ဖြစ်ထွန်းလာနိုင်ပါတယ်။ 

နိုင်ငံရေးဆိုတာ ဒါပဲလေ။ ရှုံးတဲ့အခါ ရှုံးမယ်။ နိုင်တဲ့အခါ နိုင်မယ်။ သို့သော် NLD အတွက် ဒီအရှုံးက မပြောပလောက်ဘူး ဆိုပေမယ့် စောလွန်းလှပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှား ဦးဆောင်နေတဲ့ NLD လို ပါတီကြီးတစ်ခုအနေနဲ့ မရှုံးသင့်သေးပဲ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရှုံးတယ် ဆိုတာကတော့ နေရာအများစုကို မနိုင်တာ ပြောတာပေါ့။ လူအများအပြား မဲရုံတွေဆီ မသွားဘူးဆိုတာလည်း မဲဆန္ဒရှင်တွေက NLD ဒဏ်ခတ်ခြင်းတစ်မျိုး၊ တစ်နည်း နိုင်ငံရေးကို စိတ်ကုန်နေခြင်းလို့လည်း တွက်ဆလို့ ရပါတယ်။ ဥပမာ - ချောင်းဆုံလို ကိစ္စမျိုးဆိုရင် မရှုံးသင့်ဘဲ ရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီအတွက် NLD ဟာ အပူတပြင်း အဖြေရှာ သင်ခန်းစာယူဖို့ လိုပါတယ်။ NLD လိုလားထောက်ခံသူတွေမှာ ပြဿနာတစ်ခုက သိပ်ကို ထင်နေကြတာ ဖြစ်ပါတယ်။ သူတို့က အမေစု သက်ရှိထင်ရှား ရှိနေသရွေ့  ရွေးကောက်ပွဲတိုင်း NLD ပဲ နိုင်မယ်လို့ တွက်ပါတယ်။ ပုဂ္ဂိုလ်ရေး ဗဟိုပြုတယ်ပေါ့။ အခုလည်း NLD အချို့က လေ မလျှော့သေးပါဘူး။ ရွေးကောက်ပွဲဆိုမှ အနိုင်နဲ့ အရှုံးပဲ ရှိတာပေါ့တို့၊ တစ်ဖက်က မဲလိမ်လို့ပါတို့၊ လူတွေပူလို့ မဲထွက်မပေးတာပါတို့၊ တွက်ထားပြီးသားပါတို့ အရှက်ပြေ ပြောနေကြတာ မြင်တွေ့ ကြားသိနေရပါတယ်။ နိုင်ငံရေး နားလည်ရင့်ကျက်တဲ့ NLD အချို့ကတော့ သက်ပြင်း အကြိမ်ကြိမ် ကျိတ်ချနေကြတာ မြင်တွေ့ သတိပြုမိပါတယ်။ 

ဘာပဲပြောပြော ကြားဖြတ် ရွေးကောက်ပွဲကတော့ ပြီးခဲ့ပါပြီ။ ဆိုခဲ့သလို ဒီရွေးကောက်ပွဲလေးလောက်နဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး ဆိုပေမယ့် မွန်နဲ့ ရခိုင်ကပေးတဲ့ သင်ခန်းစာကတော့ အင်မတန် ကြီးမားပါလိမ့်မယ်။ ရှေ့လျှောက် NLD ဟာ ပိုမိုကြမ်းတမ်းတဲ့ နိုင်ငံရေးခရီးလမ်းကို လျှောက်လှမ်းရမှာ မလွဲပါဘူး။ NLD အနေနဲ့ ဘယ်လိုမျိုးသော ပြုပြင် ပြောင်းလဲမှုတွေ လုပ်မလဲဆိုတာ အများက စိတ်ဝင်တစား လေ့လာစောင့် ကြည့်နေကြမှာ ဖြစ်ပါတယ်။ အခုဆို ၈၈ အုပ်စုတွေက ခိုင်မာအားကောင်းတဲ့ နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းဖို့ စီမံဆောင်ရွက်လာနေကြပါပြီ။ တိုင်းရင်းသားပါတီတွေ၊ ပါတီအသေးတွေဟာလည်း စုဖွဲ့ဆောင်ရွက်လာကြမှာ သေချာပါတယ်။ NLD ရဲ့ ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီ အနေနဲ့လည်း အခြားပါတီတွေနဲ့ စုဖွဲ့မှုတွေ၊ မဟာမိတ်ပြုမှုတွေ ဖြစ်လာ၊ ရှိလာနိုင်ပါတယ်။ နိုင်ငံတကာနဲ့ ဒေသတွင်း အခြေအနေအရ အမျိုးသားရေးဝါဒဟာလည်း ပိုမိုအားကောင်းလာဖွယ်ရှိပြီး တပ်မတော်ရဲ့ အခန်းကဏ္ဍဟာလည်း ပိုမိုကြီးမားလာဖွယ် ရှိပါတယ်။ အကယ်၍သာ NLD ဟာ အခုကြားဖြတ်ရွေးကောက်ပွဲကပေးတဲ့ မွန်နဲ့ ရခိုင်သင်ခန်းစာကို ကျေညက်နားလည်အောင် သင်ခန်းစာယူ၊ ပြုပြင်ပြောင်းလဲမယ်ဆိုရင် ၂၀၂၀ အတွက် အချိန်မီပါသေးတယ်။ မဟုတ်ရင်တော့ NLD ရဲ့ အနာဂတ်သာမက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကောင်းသတင်းကိုပါ လျော့ပါး ထိခိုက်လာနိုင်ဖွယ်ရှိကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။ 

အောင်အောင် (IR)



FOLLOW US