News

POST TAGGED AS

ရခိုင်ပြည်နယ်

10-Apr-2017

ရခိုင်ပြည်နယ်
ရက္ခိုင့်တပ်မတော် ဖလား ဘောလုံးပွဲ ကျင်းပသည့် ဆရာတော်ကို အမှုဖွင့်

မြောက်ဦး၊ ဧပြီ ၁၀

ရက္ခိုင့်တပ်မတော်ဖလား AA Cup ဘောလုံးပွဲနှင့် ရက္ခိုင့်တပ်မတော်နေ့ အထိမ်းအမှတ်ပွဲ ကျင်းပသည့် မြောက်ဦးမြို့ မြတန်းဆောင် ဆရာတော်နှင့် ဦးဆောင်ကျင်းပသည့် ကိုခိုင်နီမင်းတို့ကို တပ်မတော်က အမှုဖွင့်ခဲ့သဖြင့် ဖမ်းဆီးခဲ့ကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

မြတန်းဆောင် ဆရာတော်နှင့်အတူ မကြာခင်က ၁၇ (၁)ဖြင့် ထောင်ဒဏ်ကျခံရပြီး လွတ်မြောက်လာသည့် ကိုခိုင်နီမင်းတို့ကို မြောက်ဦးမြို့ ၅၄၀ တပ်ရင်းမှ ဗိုလ်မှူးဦးဝင်းကျော်က တရားလို လုပ်တိုင်ကြားသဖြင့် မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့က ယနေ့ (ဧပြီ လ ၁၀ ရက်)နံနက် ၁၀ နာရီတွင် ဖမ်းဆီးကာ ပ-၄၄/၂၀၁၇ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့်ပြီး စစ်တွေ အမှတ် ၁ ရဲစခန်းသို့ ပို့ဆောင်လိုက်ကြောင်း မြောက်ဦး ရဲတပ်ဖွဲ့စခန်းမှ တာဝန်ကျ အရာရှိက ပြောကြားသည်။

ရက္ခိုင့်တပ်မတော် ဖလားခေါင်းစဉ်ဖြင့် ဘောလုံးပွဲ ကျင်းပခြင်းကို မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးက ဧပြီလ ၉ ရက်က လာရောက် တားမြစ်ကာ ဗီနိုင်း ပိုစတာများကို ဖြုတ်သိမ်းသွားခဲ့ပြီး ဆက်လက်ကျင်းပလျှင် ဖမ်းဆီးမည်ဟု ပြောဆိုခဲ့ကြောင်း မြတန်းဆောင်ဆရာတော် ဥူးနန္ဒသာရက ဧပြီလ ၉ ရက်၊ ညပိုင်းက မိန့်ကြားခဲ့သည်။

မြတန်းဆောင်ဆရာတော် ဖမ်းဆီးခံရသော်လည်း မူလ သတ်မှတ်ထားသည့်အတိုင်း စာပေဟောပြောပွဲနှင့် တေးဂီတ ဖျော်ဖြေပွဲကို ဆက်လက် ကျင်းပရန်ရှိကြောင်း မြောက်ဦးမြို့ ရခိုင်အမျိုးသားပါတီမှ အတွင်းရေးမှူး ဦးထွန်းနေဝင်းက ပြောဆိုသည်။

R-04



FOLLOW US