News

POST TAGGED AS

ရခိုင်ပြည်နယ်

သစ်ထုတ်လုပ်မှုရပ်ရန် “ဂွ”ဒေသခံများ ဆန္ဒပြ

စစ်တွေ၊ မတ် ၁၉

ရခိုင်ပြည်နယ် ဂွမြို့နယ်အတွင်း သစ်တောဌာနနှင့် Mighty Marine ကုမ္ပဏီ ပူပေါင်းပြီး သစ်ထုတ်လုပ်နေမှုကို ရပ်တန့်ပေးရန် ယနေ့ (မတ်လ ၁၉ ရက်) ဆန္ဒပြခဲ့ကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ရွှေကွင်းကျေးရွာမှ ကိုမင်းခိုင်က ပြောကြားသည်။

ရွှေဦးကွင်းကျေးရွာဒေသခံ ၁၅၀ ကျော်တို့သည် ဂွမြို့နယ်အတွင်း လှည့်လည်ကာ “အလေ့ကျ ပေါက်ရောက်နေသည့် ပျဉ်းကတိုးတောအား စိုက်ခင်းအဖြစ်မှ ဖယ်ရှားပေးရေး နိုင်ငံတော်မှ ဆောင်ရွက်ပေး၊ ဆောင်ရွက်ပေး” “မစိုက်ဘဲ စိုက်ရောင်ဆောင်ကာ သစ်ထုတ်နေမူအား တားဆီးပေး တားဆီးပေး”စသည့် ကြွေးကြော်သံများ ကြွေးကြော် ဆန္ဒပြခဲ့ကြသည်၊၊

ဂွမြို့နယ်နှင့် ၁၉ မိုင်ခန့် ကွာဝေးသည့် ရွေဦးကွင်း ကျေးရွာအုပ်စုအတွင်းရှိ တောင်ညိုကြိုးပြင်ကာကွယ်တော အလေ့ကျ ပေါက်လျက်ရှိသည့် ပျဉ်းကတိုးတော ဧက ၅၀၀ ခန့်အား Mighty Marine Co.Ltd မှ ၂၀၁၀-၁၁ ခုနှစ်မှစ၍ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်၊၊

ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်မည်ကို အသေးစိတ် မေးမြန်းရန် သက်ဆိုင်ရာ Mighty Marine ကုမ္ပဏီနှင့် သစ်တောဌာန တာဝန်ရှိသူများထံ TheVoice က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

ယင်းနေရာရှိ အလေ့ကျ ပေါက်နေသည့် သစ်တောများသို့လည်း ဒေသခံများအား ဝင်ရောက်ခွင့်မပြုဘဲ တားမြစ်ထားသည့်အတွက် အခက် တွေ့နေကြရပြီး၊ ယင်းနေရာများမှာ ဒေသခံများ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်ခဲ့ကြသည့် နေရာများဖြစ်ကြောင်း ဂွမြို့ဒေသခံ ကိုမောင်မင်းက ပြောကြားသည်။

သက်ဆိုင်ရာ တာဝန်ရှိသူများက ဒေသခံပြည်သူများ၏ တောင်းဆိုမှုများကို အလေးထား ဆောင်ရွက်ပေးခြင်း မရှိပါက ဆက်လက် ဆန္ဒဖော်ထုတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေကွင်းကျေးရွာသား ကိုမင်းခိုင်က ပြောကြားသည်။

R-04

ဓာတ်ပုံ-မင်းခိုင်



FOLLOW US