News

POST TAGGED AS

ရခိုင်ပြည်နယ်

နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်ကို တိုက်ခိုက်မှုသူများကို ဖမ်းဆီးရမိ


နေပြည်တော်၊ ဇန်နဝါရီ ၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်ကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများကို ယနေ့ (ဇန်နဝါရီ ၇ ရက်) မွန်းလွဲပိုင်းက ဖမ်းဆီးရမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်နားကျေးရွာ၌ ကျီးကန်ပြင် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူများ ခိုအောင်းနေကြောင်း သတင်းရရှိသဖြင့် ယနေ့ (ဇန်နဝါရီ ၇  ရက်) မွန်းလွဲ ၂ နာရီခွဲခန့်က မြစ်နားကျေးရွာသို့ သွားရောက်ရှာဖွေရာ ဘော်နီအာမီ (ဘ) မိုနီဇာမာ ဆိုသူကို ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းချက်အရ ၎င်းနှင့်တစ်ရွာတည်းနေ မာမောက်ဖွေရာ(ဘ) နာဇီ အာမောက်သည်လည်း ဖြစ်စဉ်တွင် ပါဝင်ကြောင်း သိရသဖြင့် မာမောက်ဖွေရာကိုပါ ၎င်း၏နေအိမ်၌ သွားရောက် ဖမ်းဆီးခဲ့နိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထပ်မံ စစ်ဆေးမေးမြန်းချက်အရ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါဝင်သူများအတွက် ငွေကြေး ထောက်ပံ့ပေးသူ ဆေးအိုးပြင် ကျေးရွာနေ အဒူလာကိန်း (ဘ) အဒူဆော်လန်ကို ၎င်း၏နေအိမ်၌ပင် ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အလားတူ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် တောင်ပြိုလက်ဝဲမြို့၊ အမှတ်(၂)ရပ်ကွက်မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြို့အတွင်း လှည့်ကင်း ဆောင်ရွက်စဉ် အမှတ်(၁)ရပ်ကွက်၌ ကြက်ရိုးပြင် ကျေးရွာနေ မသင်္ကာဖွယ် မာမတ်ရော်ဖီး(ဘ)နိုဇူမျာအား ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။




FOLLOW US