News

POST TAGGED AS

ရခိုင်ပြည်နယ်

13-Dec-2016

အကြမ်းဖက်
နိုင်ဂျီးရီးယားတွင် မိန်းကလေးနှစ်ဦးကို လူသားဗုံးအဖြစ် အသုံးပြု အကြမ်းဖက်
အဘူဂျာ၊ ဒီဇင်ဘာ ၁၂ 

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် အသက် ၇ နှစ်၊ ၈ နှစ် ဝန်းကျင် မိန်းကလေးနှစ်ဦးကို လူသားဗုံးအဖြစ် အသုံးပြု အကြမ်းဖက်ခဲ့ခြင်းကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ဘော်နိုပြည်နယ် မိုင်ဒူဂူရီမြို့တွင် လူစည်ကားသည့် ဈေးတစ်ခုအတွင်း အကြမ်းဖက် တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မိန်းကလေးများမှာ မိနစ်ပိုင်းစီခြားပြီး ဖောက်ခွဲခဲ့ခြင်း ဖြစ်ပြီး ထိုမိန်းကလေး နှစ်ဦးစလုံးလည်း သေဆုံးသွားခဲ့သည်ဟု မျက်မြင်သက်သေများက ပြောကြားသည်။ 

မည်သည့်အဖွဲ့ကမှ ၎င်းတို့လက်ချက်ဟု ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း ဘိုကိုဟာရမ် စစ်သွေးကြွအဖွဲ့မှ ယခင်ကလည်း အလားတူ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ဖူးသည်။

ပြီးခဲ့သည့်လပိုင်းအတွင် နိုင်ဂျီးရီးယားစစ်တပ်မှာ ဘိုကိုဟာရမ်အဖွဲ့ အပေါ်  အသာစီး ရလာခဲ့သော်လည်း ဘိုကိုဟာရမ်မှာ ပုံမှန်ဗုံးခွဲမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။

ထိုမိန်းကလေးနှစ်ဦးမှာ အသက်  ၇ နှစ်ကျော် ၈ နှစ်သာ ရှိသေးပြီး ဈေးသို့ လန်ချားဖြင့် လာခြင်းဖြစ်ကြောင်း မိုင်ဒူဂူရီမှ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အက်ဘ် ဒူလ်ကာရင်မ် ဂျာဘိုက ပြောကြားခဲ့သည်။ 

“လန်ချားပေါ်ကဆင်းပြီး ကျွန်တော့်ရှေ့က ဖြတ်လျှောက်သွားတာ မျက်နှာတွေမှာ ဘာခံစားချက်မှ မရှိဘူး” ဟု ဂျာဘိုက ပြောကြားသည်။

“ကျွန်တော် သူတို့ကို စကားပြောကြည့်ဖို့ ကြိုးစားသေးတယ်။ ဟွာဆာစကားနဲ့ရော အင်္ဂလိပ်စကားနဲ့ပါ ပြောကြည့်တာ၊ ဘာမှပြန်မဖြေကြဘူး။ သူတို့ အမေကို ရှာနေကြတယ် မှတ်တာ” ဟု ဂျာဘိုက ဆိုသည်။

ပထမ မိန်းကလေးမှာ ဈေးတန်းအနီး ဝင်သွားကာ ဗုံးခါးပတ်ကို ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း ဂျာဘိုက ပြောကြားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းတွင် စစ်သွေးကြွများက အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လာခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့က လည်း မာဒါဂါလီမြို့ရှိ ဈေးတစ်ခုတွင် အမျိုးသမီး အသေခံဗုံးခွဲသူများက ဖောက်ခွဲခဲ့သောကြောင့် အနည်းဆုံး လူ ၄၅ ဦး သေဆုံးပြီး ၃၃ ဦး ဒဏ်ရာရှိခဲ့သည်။

အောက်တိုဘာလ အတွင်းကလည်း အမျိုးသမီး အသေခံဗုံးခွဲသူများက ရွှေ့ပြောင်းဒုက္ခသည် စခန်းကို ဗုံးခွဲခဲ့ရာလူ ၁၇ ဦး သေဆုံးခဲ့သည်။

ဘိုကိုဟာရမ်

၂၀၀၂ ခုနှစ်တွင် ထူထောင်ခဲ့သော ဘိုကိုဟာရမ်အဖွဲ့မှာ ကနဦးတွင် အနောက်တိုင်းပုံစံ ပညာရေးကို ဆန့်ကျင်သည့် အဖွဲ့သာ ဖြစ်ပြီး ဟွာဆာဘာသာစကားအရ ဘိုကိုဟာရမ်မှာ အနောက်တိုင်း ပညာရေးကို တားမြစ်သောဟု အဓိပ္ပာယ်ရသည်။

ဘိုကိုဟာရမ်အဖွဲ့သည် ၂၀၀၉  ခုနှစ်တွင် စစ်ရေးလှုပ်ရှားမှုများ စတင်ခဲ့ပြီး နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းတွင် လူထောင်ချီ သတ်ဖြတ်ခဲ့သလို လူရာချီ ပြန်ပေးဆွဲမှုများ ပြုလုပ်ခဲ့သည်။ ကျောင်းသူ မိန်းကလေး ၂၀၀ ခန့်ကို ပြန်ပေးဆွဲခဲ့မှုမှာ ထင်ရှားသည်။

IS အဖွဲ့နှင့် ပူးပေါင်းခဲ့ပြီး ၎င်းတို့ကိုယ် ကိုယ် IS ၏ အနောက်အာဖရိက ပြည်နယ်ဟု ခေါ်ဝေါ်ခဲ့သည်။

နိုင်ငံအရှေ့မြောက်ပိုင်းတွင် နယ်မြေများ သိမ်းပိုက်ထားနိုင်ပြီး ကာလီဖိတ်နိုင်ငံ ထူထောင်ကြောင်း ကြေညာထားသည်။

ယမန်နှစ်ကစပြီး ဒေသတွင်း တပ်ဖွဲ့များက ဘိုကိုဟာရမ်လက်မှ နယ်မြေအများအပြား ပြန်သိမ်းနိုင်ခဲ့သည်။
 
F-03



FOLLOW US