News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင် ဆန်ဈေးအတက်ကြမ်း
စစ်တွေ၊ ဩဂုတ် ၂ 

ရခိုင်ပြည်နယ်ရှိ စပါးများကို မန္တလေး၊ ရန်ကုန်သို့တင်ပို့မှုများ၍ ပြည်နယ်တွင် စပါးပြတ်ကာ ဆန်တစ်အိတ်လျှင် ကျပ်တစ်သောင်းနီးပါး မြင့်တက်နေကြောင်း ဆန်လုပ်ငန်းရှင်များထံမှ သိရသည်။ 

ဇွန်လက ပေါ်ဆန်မွှေးဆန် တစ်အိတ်လျှင် ကျပ်သုံးသောင်းခွဲ၊ ရွှေဝါထွန်း တစ်အိတ်လျှင် ကျပ်သုံးသောင်းခန့်သာရှိပြီး ဩဂုတ်လဆန်းတွင် ပေါ်ဆန်းမွှေး ဆန်တစ်အိတ်လျှင် ကျပ်လေးသောင်းခွဲ၊ ရွှေဝါထွန်းဆန် တစ်အိတ်လျှင် ကျပ်လေးသောင်းခန့်အထိ ဈေးမြင့်တက်ခဲ့ကြောင်း စစ်တွေမြို့မှ အောင်စည်ဖြိုး ဆန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဦးမောင်သန်းစိန်က ရှင်းပြသည်။ 

“ဒီမှာက မိုးရာသီဆိုရင် အများအားဖြင့် ဈေးတက်ကြတယ်။ ဒီနှစ်မှာကျတော့ ဈေးတက်တာ အရမ်းကြမ်းသွားတာပေါ့၊ မနှစ်ကဆိုရင် ဒီအချိန် ဒီလောက်ထိ ဈေးမတက်သေးဘူး”ဟု ၎င်းက ဆိုသည်။ 

၂၀၁၇ ခုနှစ်က ရွှေဝါထွန်းဆန်တစ်အိတ်လျှင် ကျပ်သုံးသောင်းခုနစ်ထောင်ခန့်နှင့် ရွှေဝါထွန်းတစ်အိတ်လျှင် ကျပ်နှစ်သောင်းကျော်သာ ရှိခဲ့ကြောင်း ဆန်ရောင်းဝယ်သူများထံမှ သိရသည်။ 

ရခိုင်ပြည်နယ်တွင် ပေါ်ဆန်းမွှေးဆန်ကို အများအားဖြင့်စားသုံးကြပြီး ယခုကဲ့သို့ဈေးတက်သဖြင့် လက်လုပ်လက်စား လုပ်ကိုင်သူများ ဝယ်ယူစားသုံးရန် အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှသိရသည်။ 

“ဆန်တွေ ဒီထက်ဈေးတက်မယ်လို့တော့ကြားတာပဲ၊ ဒီအတိုင်းသာ ဈေးတက်နေရင် ပြည်သူတွေအနေနဲ့ မလွယ်ဘူး၊ မိသားစုများတဲ့သူတွေမှာဆို ပိုဆိုးတာပေါ့၊ ကုန်ဈေးနှုန်းတွေ အရမ်းတက်လာတယ်”ဟု ကုန်တန်းရပ်ကွက်နေ ဒေါ်မညိုစောက ဆိုသည်။

တောင်သူများမှာ စပါးလှောင်မထားနိုင်သဖြင့် ဆန်ဈေး စပါးဈေးမြင့်တက်သော်လည်း အကျိုးအမြတ် မခံစားရကြောင်း၊ ဆန်စပါးတို့ကို သိုလှောင်ထားသော ကုန်သည်များသာ ဆန်ဈေးတက်ပါက အမြတ်ရရှိကြောင်း လယ်သမားများက ပြောသည်။ 

ရန်ကုန်ဆန်ဈေးကွက်၌ ဩဂုတ်လ ၂ ရက်နေ့ ပေါ်ဆန်မွှေးဆန်ဈေးနှုန်းများမှာ ပေါ်ဆန်းရှယ် တစ်အိတ်လျှင် ကျပ် ၄၃၀၀၀၊ မြောင်မြ၊ ပုသိမ် ပေါ်ဆန်းရှယ်တစ်အိတ်လျှင် ကျပ် ၄၆,၀၀၀၊ ရွှေဘို ပေါ်ဆန်းရှယ် တစ်အိတ်လျှင် ကျပ် ၅၆,၀၀၀ ထိရှိသည်။ 

R-22



FOLLOW US