News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်တွင် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် ကျင့်သုံးမည်
စစ်တွေ၊ ဇူလိုင် ၃ 

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသောမှုခင်းများကို အချိန်နှင့်တစ်ပြေးညီ စစ်ဆေးပြီး မြန်ဆန်စွာ ပြီးစီးနိုင်ရေးအတွက် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (Case Management Progam)ကို ဩဂုတ်လ ၁ ရက်၌ စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်က ပြောကြားသည်။

မှုခင်းများ သမားရိုးကျ စစ်ဆေးဆောင်ရွက်နေသည့်အတွက် စစ်ဆေးမှုများတွင် အချိန်ကြန့်ကြာနေပြီး အမှုသည်များ၏ ကုန်ကျစရိတ်မှာ များပြားလာ၍ တရားစီရင်ရေးအပေါ် ပြည်သူများက ယုံကြည်မှုလျော့နည်းလာခြင်းတို့ကြောင့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် လိုအပ်လာကြောင်း ၎င်းကရှင်းပြသည်။

“တရားစီရင်ရေး နှောင့်နှေးကြန့်ကြာခြင်းဟာ တရားမျှတမှုကို ငြင်းပယ်ရာ ရောက်တယ်။ အဲဒီအချက်ကို အခြေခံပြီးတော့ အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းပေးဖို့ ရည်ရွယ်ထားတာပါ”ဟု ဦးကျောက်ကဆိုသည်။

ယင်းအစီအစဉ်ကို ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ၅ နှစ်တာ ကျင့်သုံး အကောင်အထည်ဖော်ရန်အတွက် ဇူလိုင်လ ၂ ရက် မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရရုံး၌ ပြည်နယ်အဆင့် ညှိနှိုင်း အစည်းအဝေးကို ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ရာဇဝတ်မှုနှင့် တရားမမှုတို့တွင် တရားစွဲဆိုသည့်အချိန်မှ ပြီးဆုံးမည့်အချိန်ကို ကြိုတင်သိရှိနိုင်ရန်အတွက် အလျင်အမြန် ဆောင်ရွက်ရမည့်အမှု၊ ရိုးရှင်းသောအမှုများနှင့် ရှုပ်ထွေးသောအမှုများဟူ၍ ခွဲခြားထားကြောင်း ပြည်နယ်တရားသူကြီးချုပ်ထံမှ သိရသည်။

အလျင်အမြန် ဆောင်ရွက်ရမည့် အမှုအမျိုးအစားတွင် ရာဇဝတ်မှုကို ရက်ပေါင်း ၉၀၊ တရားမမှု ရက်ပေါင်း ၂၇၀၊ ရိုးရှင်းသောအမှုများတွင် ရာဇဝတ်မှု ရက်ပေါင်း ၁၈၀၊ တရားမမှု ၃၆၅ နှင့် ရှုပ်ထွေးသောအမှုများ၌ ရာဇဝတ်မှု ရက်ပေါင်း ၂၇၀၊ တရားမမှု ရက်ပေါင်း ၅၄၀ သတ်မှတ်ထားသည့်အတွက် အမှုစစ်ဆေးရာတွင် မြန်ဆန်လာနိုင်ကြောင်း၊ ဝန်ထမ်းသက်သေ၊ အရပ်သားသက်သေများ ပျက်ကွက်နေခြင်း၊ ရဲတပ်ဖွဲ့မှ အမှုအား စစ်ဆေးဆောင်ရွက်မှု ကြန့်ကြာနေခြင်းတို့ လျော့နည်းသွားမည်ဖြစ်ကြောင်း ပြည်နယ်တရားသူကြီးချုပ် ဦးကျောက်က ရှင်းပြသည်။

ယင်းအစီအစဉ်မှာ အမှုသည်၊ သက်သေများကိုလည်း စစ်ဆေးမည့်အချိန်ကို နှစ်ဖက်ရှေ့နေ အမှုသည်တို့ တွေ့ဆုံကာ ဆွေးနွေးနိုင်သည့်အတွက် အမှုစစ်ဆေးရာတွင်လည်း အချိန်ကြန့်ကြာမှု နည်းသွားကာ လျင်မြန်စွာ အမှုပြီးဆုံးနိုင်ကြောင်း၊ ယင်းအစီအစဉ်ကို အကောင်အထည်ဖော်ပါက ၇၅ ရာခိုင်နှုန်းအောင်မြင်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်ကဆိုသည်။

မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ပထမဆုံးအနေနှင့် စစ်တွေခရိုင်တရားရုံးနှင့် စစ်တွေမြို့နယ် တရားရုံးတို့တွင် ကျင့်သုံးမည်ဖြစ်ပြီး အခြားသော ခရိုင်၊ မြို့နယ် တရားရုံးတို့မှာလည်း ဆက်လက်၍ ကျင့်သုံးသွားမည်ဖြစ်သည်။

R-22



FOLLOW US