News

POST TAGGED AS

ရခိုင်ပြည်နယ်

ပြည်သူ၏ဝေဖန်ခြင်း သဘောထားကြီးစွာခံယူရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
စစ်တွေ၊ ဇွန် ၃၀

လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် လူထုက ဝေဖန်ထောက်ပြ ပြောဆိုကြသည်ကို ဥပေက္ခာမပြုဘဲ သဘောထားကြီးစွာခံယူရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောကြားသည်။

ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းအား တာဝန်ထမ်းဆောင်ရန် သင့်၊ မသင့်ကို ဇွန်လ ၂၉ ရက်နေ့က ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးခေါ်ယူကာ မဲခွဲဆုံးဖြတ်ကြပြီးနောက် နိဂုံးချုပ်အမှာစကား၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဟာ ပြည်သူတွေက ရွေးချယ်ပေးလိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် ပြည်သူတွေဟာ ကျွန်တော်တို့ကို မျက်ခြည်မပြတ် စောင့်ကြည့်နေကြလိမ့်မယ်။ ပြည်သူတွေရဲ့ဝေဖန်ထောက်ပြမှုတွေကို လိုက်နာဆောင်ရွက်ကြပါ”ဟု ဦးစံကျော်လှက ပြောသည်။

ထို့အပြင် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော အစိုးရတစ်ရပ်ဖြစ်ရန် လွှတ်တော်က ထိန်းကျောင်းပေးရမည်ဖြစ်သည့်အပြင် မဏ္ဍိုင်ကြီးသုံးရပ်သည်လည်း တစ်ခုကိုတစ်ခု အပြန်အလှန် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ထိန်းကျောင်းပေးရာတွင်လည်း မိမိတို့အား ထိန်းကျောင်းရမည်လားဆိုသော အာဃာတတရားမထားရန် လိုအပ်ကြောင်း ၎င်းက ရှင်းပြသည်။

“ဒီလိုပြောတာလည်းကောင်းတဲ့ အစဉ်လာလေးတွေပါပဲ၊ လွှတ်တော်နဲ့ အစိုးရဆိုတာ ပူးပေါင်းပြီးလုပ်ဆောင်ရမှာက ကောင်းတဲ့အခန်းကဏ္ဍာပါပဲ၊ ပြည်သူ့လိုအပ်ချက်တွေကို ဖြည့်စွက်ပေးမည်ဆိုတဲ့ စိတ်ဆန္ဒနဲ့ဝင်လာတဲ့သူတွေပဲ”ဟု ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြှင့်တင်ရေး၊ လုံခြုံရေး စသည့် ဘုံသဘောတူညီချက်များဖြင့် အစိုးရအဖွဲ့နှင့် လွှတ်တော်တို့လျှောက်နေကြရာတွင် ပူးပေါင်းဆောင်ရွက်ပြီး ပြည်သူ့များ၏ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိအချိန်တွင် ပြည်နယ်အစိုးရအဖွဲ့က တင်သွားလာသော ဘတ်ဂျက်ကိစ္စတို့ကြောင့် အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်တို့ကြားမှာ ပွတ်တိုက်မှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်ကြသည်။

“တစ်ဦးနဲ့တစ်ဦး ပွတ်တိုက်မှုမဖြစ်အောင် ကိုယ့်စည်း၊ သူ့စည်းစောင့်ထိန်းပြီးနေကြရင် ပွတ်တိုက်မှုနည်းလာလိမ့်မယ် ထင်ပါတယ်။ သူက ကိုယ့်ကိုအပြစ်မြင်ရင် ကိုယ်ကလည်း သူ့ကိုအပြစ်မြင်နေရင် ပွတ်တိုက်မှုဖြစ်လာမှာပေါ။့ သူ့ရဲ့အားနည်းချက်တွေကို ဖြည့်စွက်ပြီးဖြေလျှော့ကြရင် ပွတ်တိုက်မှု အားနည်းလာလိမ့်မယ်”ဟု ဦးဝင်းမြင့်က သုံးသပ်လိုက်သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်ပြောဆိုသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦးနှင့် စစ်တွေမြို့ မြို့မိ၊ မြို့ဖ အဖွဲ့ဝင်တစ်ဦးကိုလည်း အစိုးရအဖွဲ့က ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားသည်။

R-22



FOLLOW US