News

POST TAGGED AS

ရခိုင်ပြည်နယ်

မြန်မာနိုင်ငံ ဘားကောင်စီအက်ဥပဒေကြမ်း တစ်လအတွင်း လွှတ်တော်တင်မည်


မန္တလေး၊ ဇွန် ၂၄

မြန်မာနိုင်ငံရှေ့နေများအကျိုး ကာကွယ်ခွင့်၊ ဆောင်ရွက်ခွင့်များကို ကန့်သတ်ထားသည့်အတွက် မြန်မာနိုင်ငံ ဘားကောင်စီ အက်ဥပဒေကြမ်းကို ဇူလိုင်လတွင် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း ယင်းဥပဒေပြင်ဆင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မင်းက ပြောကြားသည်။

အဆိုပါဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ရှေ့နေများတွေ့ဆုံဆွေးနွေးပွဲကို ဇွန် ၂၄ ရက်နေ့က မန္တလေးမြို့ရှိ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းတွင် ကျင်းပခဲ့ရာ၌ ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။

“မူလပြဋ္ဌာန်းခဲ့တဲ့ ဘားကောင်စီ ဥပဒေအရဆိုရင် ကောင်စီကိုရွေးကောက် တင်မြှောက်ရမှာဖြစ်တယ်။ ဒါကို ၁၉၈၉ ခုနှစ်မှာ ပြင်ဆင်တဲ့အခါမှာ တရားသူကြီးချုပ်က ရွေးတဲ့လူကိုပဲ ခန့်ခွင့်ရှိသွားတယ်။ အဲဒီမှာ ဘားကောင်စီအနေနဲ့ ရှေ့နေတွေအတွက် လိုအပ်တာတွေကို လုပ်မပေးနိုင်တော့ဘူး။ ဒါကြောင့် ပြင်ဆင်တယ် ဆိုတာထက် မူလဥပဒေကိုပဲ ပြန်လည်ပြဋ္ဌာန်းပေးဖို့ ကြိုးစားနေကြတာ”ဟု ဦးအောင်ကျော်မင်းက ပြောဆိုသည်။

မြန်မာနိုင်ငံ ဘားကောင်စီအက် ဥပဒေကို ၁၉၂၉ ခုနှစ်တွင်စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ဘားကောင်စီကို ဖွဲ့စည်းရန် သတ်မှတ်ထားသည့် ပုဒ်မများဖြစ်သည့် ပုဒ်မ ၄ ကို ပြုပြင်ကာ ပုဒ်မ ၆ ကို ဖြုတ်ခဲ့သည်။

၁၉၂၉ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သည့် ဘားကောင်စီအက်ဥပဒေအရ ကောင်စီတွင် နိုင်ငံတော်ရှေ့နေချုပ်၊ တရားလွှတ်တော် သို့မဟုတ် တရားရုံးချုပ်က အမည်တင်သွင်းသည့် ပုဂ္ဂိုလ်လေးဦး၊ ရွေးကောက်တင်မြှောက်သည့် ရှေ့နေ ၁၀ ဦးတို့ဖြင့် အဖွဲ့ဝင် ၁၅ ဦးဖြင့် ပါဝင်ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းခဲ့သည်။

၁၉၈၉ ခုနှစ်ပြင်ဆင်ချက်အရ ဘားကောင်စီကို ဖွဲ့စည်းရာတွင် ရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ တရားသူကြီးချုပ်က အမည်တင်သွင်းသည့် တရားလွှတ်တော် ရှေ့နေခြောက်ဦးတို့ဖြင့် အဖွဲ့ဝင် ၁၁ ဦးဖြင့်သာ ဖွဲ့စည်းခွင့်ရှိတော့သည်။

ယင်းသို့ဖွဲ့စည်းခွင့်ရရှိချိန်တွင် အက်ဥပဒေအရ ရှေ့နေများအရေးဆောင်ရွက်ခွင့်ရှိသည့် ဘားကောင်စီ၏လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ဆောင်ရွက်ရာတွင် ရွေးကောက်တင်မြှောက်သည့် တရားလွှတ်တော်ရှေ့နေများ မပါဝင်တော့သည့်အတွက် ဆောင်ရွက်မှုအားနည်းသွားခဲ့ကြောင်း မန္တလေးမြို့ခံ တရားလွှတ်တော်ရှေ့နေများက ပြောဆိုကြသည်။

ယင်းအချက်များကြောင့် ဘားကောင်စီအက်ဥပဒေကို ပြင်ဆင်နိုင်ရေး ၂၀၁၈ ခုနှစ် မတ်လမှ စတင်ဆောင်ရွက်လာခဲ့ခြင်းဖြစ်ပြီး ရန်ကုန်၊ လားရှိုး၊ ပုသိမ်၊ မော်လမြိုင်နှင့်မန္တလေးမြို့တို့တွင် ရှေ့နေများက ဆွေးနွေးပွဲများ ကျင်းပခဲ့ခြင်းဖြစ်သည်။  

M-04



FOLLOW US