News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်တွင် အထက်တန်းဆရာ၊ ဆရာမ ၄၀၀ ခန့် လိုအပ်
စစ်တွေ၊ ဇွန် ၅ 

ရခိုင်ပြည်နယ်တွင် အခြေခံပညာကျောင်းများ ထပ်တိုးဖွင့်လှစ်နေသော်လည်း အထက်တန်းပညာသင်ကြားပေးမည့် ဆရာ၊ ဆရာမ ၄၀၀ ခန့် လိုအပ်နေကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (စီမံ) ဦးစိန်ထွန်းလှက ပြောကြားသည်။

“ကျောင်းတွေသာ တိုးဖွင့်တာ သင်ပြမယ့်ဆရာတွေက လိုအပ်နေတယ်၊ ရခိုင်ပြည်က တစ်နှစ်မှာ B.Ed (အလယ်တန်းပြ) ၃၀ လောက်ထွက်တာ မလုံလောက်ဘူး၊ ပြည်မဘက်က ခန့်ပေးဖို့လိုအပ်တယ်၊ ပညာရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဝန်ထမ်းလုံလောက်ဖို့လိုတယ်။ အခုဆိုရင် ကျောင်းမပြီးသေးတဲ့ ကလေးတွေကိုတောင် ခန့်နေရတယ်”ဟု ၎င်းက ရှင်းပြသည်။ 

ရခိုင်ပြည်နယ်တွင် ယခင်က ကျောင်းပေါင်း ၂၇၇၂ ကျောင်းရှိရာ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် ၄၇၉ ကျောင်း ထပ်တိုးဖွင့်လိုက်သဖြင့် စုစုပေါင်းကျောင်း ၃၂၅၁ ရှိကြောင်း၊ ထပ်တိုးဖွင့်လှစ်သောကျောင်းများအနက် အထက်တန်းကျောင်း ၁၇ ကျောင်းနှင့် အထက (ခွဲ) ကျောင်း ၄၀ တို့ ပါဝင်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ပြည်နယ်တစ်ခုလုံးတွင် ဆရာ၊ ဆရာမ ၂၄၉၈၁ ဦးရှိသည့်အနက် အထက်တန်းပြဆရာမ ၂၀၂၆ ဦးသာရှိကြောင်း၊ မြေပုံ၊ မင်းပြား၊ အမ်း၊ ဂွနှင့် မာန်အောင်မြို့နယ်ရှိ အခြေခံပညာအထက်တန်း ကျောင်းတွင် ဆရာ၊ ဆရာမအများဆုံး လိုအပ်နေကြောင်း ၎င်းက ရှင်းပြသည်။

“ကျောင်းတော့ရှိတယ်။ ဘတ်ဂျက်မရှိတော့ သင်ပြမယ့်ဆရာတွေ တစ်ယောက်မှမခန့်နိုင်ခဲ့ဘူး။ ကိုယ်ထူကိုယ်ထ ဆရာတွေငှားပြီးသင်ရတယ်။ ဒီနှစ်မှာတော့ အဲဒီကျောင်းတွေကို တစ်ကျောင်းမှာ ထ (ခွဲ) ကျောင်း ၇ ယောက် ခန့်ရတယ်”ဟု ၎င်းက ဆက်ပြောသည်။ 

ရခိုင်ပြည်နယ်တွင် ၂၀၁၈-၁၉ ပညာသင်နှစ်အတွက် အထက်တန်းပြ ဆရာ၊ ဆရာမ ၂၂ ဦး အမြန်ဆုံးခန့်အပ်ရန်အတွက် တင်ပြထားကြောင်း၊ ပြည်နယ်တွင် ဆရာ၊ ဆရာမ ၄၀၀ ခန့် လိုအပ်ချက်နှင့်ပတ်သက်၍ ပြည်ထောင်အစိုးရထံ ယခုလအတွင်း တင်ပြရန် ပြည်နယ်အစိုးရနှင့် ဆုံးဖြတ်ထားကြောင်း အလယ်တန်းပြနှင့် မူလတန်းပြဆရာ၊ ဆရာမများမှာ သင့်တင့်စွာရှိသော်လည်း အထက်တန်းသင် ဆရာ၊ ဆရာမ လိုအပ်ချက်ကြောင့် ၂၀၁၇-၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ရာခိုင်နှုန်းမှာ ၂၁ ရာခိုင်နှုန်းကျော်သာရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ 

R-22



FOLLOW US