News

POST TAGGED AS

ရခိုင်ပြည်နယ်

အာနန္ဒာစန္ဒြားကျောက်စာ ယခုလတွင် ကမ္ဘာ့အမွေအနှစ်စာရင်း တင်မည်
ရန်ကုန်၊ မေ ၂၆

ရခိုင်ပြည်နယ် ရှစ်သောင်းဘုရားရှိ အာနန္ဒာစန္ဒြားကျောက်စာကို ကမ္ဘာ့မှတ်တမ်းအမွေအနှစ်စာရင်းဝင် (MOW) အဖြစ် ယခုလအတွင်း တင်သွင်းမည်ဖြစ်ကြောင်း အဆိုပါကျောက်စာ တင်သွင်းရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါ်နုမြဇံက ပြောကြားသည်။

“ဒီလထဲမှာ နောက်ဆုံးတင်ရမှာ ဖြစ်တယ်။ ပညာရှင်တွေက တင်သွင်းမယ့် စာတမ်းတွေ၊ အချက်အလက်တွေ ပေးတာကို စာရင်းဝင်ဖြစ်ဖို့ တင်သွင်းရမှာ။ သတ်မှတ်စံနှုန်းတွေနဲ့ ကိုက်ညီအောင် စာတမ်းပြုစုပြီး တင်သွင်းမှာပါ” ဟု ၎င်းက ဆက်လက် ရှင်းပြသည်။

အဆိုပါကျောက်စာသည် ပျူခေတ်နှင့်အပြိုင် ဝေသာလီခေတ်ထက်စော၍ ရေးထိုးထားသည့် သမိုင်းအထောက်အထားပြကျောက်စာတစ်ခုဖြစ်ပြီး ကျောက်စာ ရေးထိုးထားသည့်စာမျက်နှာ သုံးခုပါရှိကြောင်းနှင့် စာမျက်နှာတစ်ခုလျှင် စာလုံးရေ နှစ်ရာခန့်ကွာခြား၍ ရေးထိုးထားခြင်းဖြစ်ကြောင်း ရှေးဟောင်း သုတေသနပညာရှင်များထံမှ သိရသည်။

အာန္ဒာစန္ဒြားကျောက်စာကို ၁၉၇၀ ကျော်ဝန်းကျင်တွင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များက နောက်ဆုံးဘာသာပြန်ခဲ့ခြင်းဖြစ်ပြီး ခေတ်ကာလနည်းပညာရပ်များအရ အဆိုပါ ပညာရှင်များ ပြန်ဆို၍မရခဲ့သော စာလုံးများကို ခေတ်မီကွန်ပျူတာ နည်းများဖြင့် စာလုံးများပုံဖော်၍ ထပ်မံ လေ့လာတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျောက်စာပညာရှင် မောင်ဖြူ (တြွိတဲကျွန်း) ထံမှသိရသည်။

အာနန္ဒာစန္ဒြားကျောက်စာသည် အာသောကခေတ်က ရေးထိုးခဲ့သည့် ဆင့်ပွား ကျောက်စာဖြစ်၍ ရှေးကျသော ကျောက်စာတစ်ချပ်ဖြစ်ပြီး အာရှပစိဖိတ်ဒေသတွင်း စာရင်းဝင်အဖြစ် မှတ်တမ်းဝင်ထားသည့် ကျောက်စာတစ်ချပ်ဖြစ်ကြောင်း ကမ္ဘာ့ အမွေအနှစ်များဌာနခွဲမှ ပညာရှင်တစ်ဦးက မှတ်ချက်ပြုထားသည်။

ကျောက်စာနှင့်ပတ်သက်၍ လက်ရှိတွင် မြစေတီကျောက်စာ၊ အလောင်းမင်း တရားရွှေပေလွှာ၊ ဘုရင့်နောင်ခေါင်းလောင်း ကျောက်စာတို့ကို ကမ္ဘာ့အမွေအနှစ်အထိမ်း အမှတ်စာရင်းဝင်အဖြစ် ယူနက်စကိုက အသိအမှတ်ပြုပြီးဖြစ်သည်။

J -14



FOLLOW US