News

POST TAGGED AS

ရခိုင်ပြည်နယ်

ရခိုင်အမျိုးသားပါတီက ဖွင့်မည့် ဖက်ဒရယ်သင်တန်း ရပ်ဆိုင်း
စစ်တွေ၊ မတ် ၂၀ 

စစ်တွေမြို့တွင် မတ်လ ၂၀ ရက်မှ စတင်ကာ ၂ ရက်ကြာ ပြုလုပ်မည့် ရခိုင်အမျိုးသားပါတီ (ANP) မှ အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ် သင်တန်းကို ပြည်နယ်အာဏာပိုင်များက မေးမြန်းမှုများရှိသောကြောင့် သင်တန်းရပ်ဆိုင်းလိုက်ကြောင်း ယင်းပါတီထံမှသိရသည်။ 

အဆိုပါ သင်တန်းကို စစ်တွေမြို့ရှိ ရွှေသဇင်ဟိုတယ်တွင် ကျင်းပရန်စီစဉ်ထားပြီး ယင်းသင်တန်းကို အိန္ဒိယနိုင်ငံသား သင်တန်းနည်းပြများက သင်ကြားမည်ဖြစ်ကာ မြို့နယ်များမှ စိတ်ဝင်စားသူများနှင့် မြို့နယ်ပါတီတွင်းမှ လူ ၂၀ ကျော်ကို သင်ကြားပေးရန် စီစဉ်ခဲ့ကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောကြားသည်။ 

သို့သော် ကျင်းပမည့်ဟိုတယ်မှ ပိုင်ရှင်ကို မတ်လ ၁၉ ရက်တွင် ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက မေးမြန်းမှုနှင့် နိုင်ငံခြားသားများ ပါဝင်သောကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်လိုအပ်သည်ဟု ပြောဆိုလာကြောင်း ၎င်းက ပြောဆိုသည်။ 

သင်တန်းဖွင့်ရန် မြို့နယ်အာဏာပိုင်များထံ ခွင့်ပြုချက်တင်ပြီးသော်လည်း သင်တန်းချိန်နီးကပ်မှ နိုင်ငံခြားနည်းပြ ဆရာများအတွက် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ယူရန် မဖြစ်နိုင်သောကြောင့် လည်းကောင်း၊ ဟိုတယ်တွင်မကျင်းပနိုင်ရန် ဖိအားပေးမှုများ ရှိသောကြောင့် လည်းကောင်း၊ ဟိုတယ်ပိုင်ရှင်ကို ငဲ့ညှာ၍ ရပ်နားလိုက်ကြောင်း၊ သင်တန်းပြုလုပ်မှုနှင့် ပတ်သက်၍ ပါတီအနေနှင့် အစိုးရဆီက ခွင့်မပြုကြောင်းစာ ရရှိလိုကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ဒုတိယဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောကြားသည်။ 

ပြည်ထောင်စုမြန်မာနိုင်ငံသည် လက်ရှိအချိန်၌ ဖက်ဒရယ်ပြည်ထောင်စုကို လျှောက်လှမ်းနေသည့် အချိန်ကာလတစ်ခု ဖြစ်သည့်အတွက် ရခိုင်ပြည်သူများအနေနှင့် အိန္ဒိယနိုင်ငံ၏ ဒီမိုကရေစီနှင့် ဖက်ဒရယ်အကြောင်းများကို သင်ကြားပေးခြင်းဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

နိုင်ငံခြားသား ပညာရှင်များက ရခိုင်ပြည်နယ်တွင် စကားပြောဆိုရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ယူရမည်မှာ အဓိပ္ပာယ်မရှိကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် ပြုလုပ်နေသည့် သင်တန်းတစ်ခုလည်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှစောက ဆိုသည်။

“NLD ဟာ သဘောထားမကြီးဘူး၊ ကျွန်တော်တို့ကို ညီအစ်ကိုလို၊ ရဲဘော်လို မဆက်ဆံဘူး။ မြန်မာနိုင်ငံသွားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းအတိုင်းလုပ်တာ၊ အဲတော့ ပိတ်ပင်တာဟာ ဖက်ဒရယ်ဒီမိုကရေစီကို နားမလည်ဘဲ ဗိုလ်ကျတဲ့ လုပ်ရပ်ကိုလုပ်တာပဲ”ဟု ဦးလှစောက ပြောဆိုသည်။ 

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများကို ဖုန်းဖြင့်ဆက်သွယ်ကာ မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။ 

R-22



FOLLOW US