News

POST TAGGED AS

ရခိုင်ပြည်နယ်

ဦးဝင်းမြင့်ကို ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအဖြစ် နိုင်ငံတော်သမ္မတက ခန့်အပ်


စစ်တွေ၊ မတ် ၁၆

ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအဖြစ် တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတက မတ်လ ၁၅ ရက်နေ့က ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်ထောင်စုအစိုးရက ထုတ်ပြန်လိုက်သည်။

၎င်းအား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအဖြစ် ခန့်အပ်ရန်အတွက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက မတ်လ ၇ ရက်နေ့က ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ရာ မတ်လ ၁၂ ရက်နေ့ ကျင်းပသော လွှတ်တော်အစည်းအဝေး၌ ကန့်ကွက်သူမရှိသဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ရခိုင်ပြည်နယ်ရှိ မြို့၊ ရွာများ စည်ပင်သာယာဖွံ့ဖြိုးရန် လိုအပ်ချက်များစွာရှိနေသည့်အတွက် လိုအပ်ချက်များကို တစ်ခုချင်းပြန်လည်ကာ ရှာဖွေ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးကော်မတီအဖွဲ့တို့သည် ပြည်သူများထံမှ ကောက်ခံရရှိထားသော အခွန်းများ ပွင့်လင်းမြင်သာမှုရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

ယခင် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော တောင်ကုတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ်ဦးမင်းအောင်သည် ဥပဒေအရ ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာ မထမ်းဆောင်သည့်အတွက် ဝန်ကြီးတာဝန်မှ ရပ်စဲပေးရန် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အချို့က လွှတ်တော်တွင် တင်ပြတောင်းဆိုခဲ့ကြသည်။

ယင်းသို့ တောင်းဆိုခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရေးဖွဲ့ကာ စစ်ဆေးခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့က ပြည်နယ်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ တာဝန်ထမ်းဆောင်ရန်မသင့်ကြောင်း လွှတ်တော်က အတည်ပြုခဲ့သည်။

R-22



FOLLOW US