News

POST TAGGED AS

ရခိုင်ပြည်နယ်

တရုတ်နိုင်ငံသို့ လူ ၃၂ ဦး လူကုန်ကူးသူကို ဖမ်းမိ
စစ်တွေ၊ မတ် ၎

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းမှ အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၁၃ ဦးတို့ကို တရုတ်နိုင်ငံ၌ အလုပ်လုပ်ရမည်ဟုဆိုကာ သွေးဆောင်ဖြားယောင်း ခေါ်ဆောင်သူတစ်ဦးကို တောင်ကုတ်မြို့နယ်တွင် မတ် ၃ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိကြောင်း အဆိုပါမြို့နယ် ရဲမှူးကိုကိုဦးက ပြောကြားသည်။

ထိုသို့ သွေးဆောင်ခေါ်ယူခြင်းခံရသူများမှာ တောင်ကုတ်မြို့နယ် လမူးမော်ကျေးရွာ၊ ပဒါကျေးရွာ၊ ကြက်ကိုင်းကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ကျော်ကိုင်းကျေးရွာ၊ ကျောက်ဝေကျေးရွာ စသည့် ကျေးရွာများမှ အသက် ၂၀ မှ ၃၀ ကြားရှိသူများဖြစ်ပြီး လူကုန်ကူးသူ ဦးနေမျိုးအောင်သည်လည်း လမူးမော်ကျေးရွာမှ ဖြစ်ကြောင်း၊ ထို့ပြင်ဆက်စပ် တရားခံဖြစ်သူ ဦးမောင်ကျန်လူ (ခ) မျိုးမင်း အသက် (၂၃ နှစ်) ကိုလည်း ဖမ်းဆီးရမိနိုင်ရေး လုပ်ဆောင်နေကြောင်း တောင်ကုတ် မြို့မရဲစခန်းထံမှ သိရသည်။

၎င်းတို့အား တရုတ်နိုင်ငံသို့ လူကုန်ကူးရန်အတွက် မာန်သစ္စာ ခရီးသည်တင်ယာဉ်ကို ငှားရမ်း၍ ရန်ကုန်မြို့သို့ သယ်ဆောင်လာသည်ကို သတင်းရရှိသဖြင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့တို့က စေတီကွင်းကျေးရွာအနီး စောင့်ဆိုင်းပြီး စစ်ဆေးရာတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးထင်ဇော်ဦးက ဆိုသည်။

တရားခံဖြစ်သူ ဦးနေမျိုးအောင် (၃၃ နှစ်) ကို တောင်ကုတ်မြို့မရဲစခန်းတွင် သွေးဆောင်ဆွဲခေါ်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း ယင်းမြို့ရဲစခန်းထံမှ သိရသည်။

R-22



FOLLOW US